Monday, July 23, 2012

လေဆင်နှာမောင်းကြောင့် မြောက်ဥက္ကလာပ “ဌ” ရပ်ကွက်မှ အိမ်ခြေ (၁၀၃)လုံးပျက်စီး

ထွန်းနေအောင်(မြစ်မခ)
20 Jul, 2012

ဇူလိုင်လ (၁၉)ရက်နေ့ ည(၉း၁၅)နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် “ဌ”ရပ်ကွက်တွင် လေဆင် နှာမောင်း တစ်ခုတိုက်ခတ် သွား သောကြောင့် အိမ်ခြေ(၁၀၃)လုံး၏ သွပ်အမိုး၊ ဓနိအမိုးများ အစရှိ သည့် အိမ်ခေါင်မိုးလန်ထွက်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုမှာ အချိန်အားဖြင့် (၅)မိနစ်ခန့်သာကြာမြင့်ခဲ့မည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ ၏ခန့်မှန်း ပြောဆိုချက်များအရသိရှိရသည်။

“ကျွန်တော်စိတ်ထင်တော့ တိုက်တာ ၅ မိနစ်တောင်မပြည့်လိုက်ဘူးထင်တယ်။လေတိုက်သံကို အဝေးကြီးက နေစကြားရတယ်။ အဲဒါနဲ့ကျွန်တော်လည်းအပြင်မထွက်တော့ပဲ အိမ်ထဲမှာပဲ နေနေ လိုက်တယ်။”ဟု ကြုံတွေ့ခဲ့သူရပ်ကွက်သားတစ်ဦးကပြောသည်။

အဆိုပါ တိုက်ခတ်ခံရသည့် အိမ်ခြေများထဲတွင် (၂၇) လုံးခန့်ဆုံးရူံးမှုမြင့်မားခဲ့ပြီး (၃)သိန်းနီးပါးခန့်ရှိ မည် ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးက သိရှိရသည်။

“လေက၀င်ချလာတာအသံလည်းမကြားရဘူး။ တံခါးပိတ်ထားတာကို ပွင့်ထွက်သွားတယ်။မီးကပျက်သွားတယ်။ အိမ်ကခါထွက်သွားပြီ။ ခဏလေးပဲတစ်မိနစ်တောင်မကြာလိုက်ဘူး။ ပြီးလို့ထကြည့်လိုက် တော့သွပ်တွေအကုန်လန်သွားပြီ။ ခုလောလောဆယ် သွပ်တွေဝယ် ထားတာ ၂ သိန်းကျော်ရှိတယ်။” ဟု ပတ္တမြားလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်သွားသော လမ်းများမှာ ပတ္တမြားလမ်း၊ စကားဝါလမ်း၊ဆဒ္ဒန်လမ်း၊ ခေမာ (၃)မှ (၈) အထိ၊ စကားဝါ (၁)၊ စိန်ချယ်လမ်း၊ ဒေါနလမ်းနှင့်ခိုင်ရွှေဝါလမ်းတို့ဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးရုံးမှစုံစမ်းသိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့