Thursday, October 11, 2012

မြေမခတဲ့ ကြယ်ကြွေည


ပုခုံးပေါ်က ခေတ်တာဝန်
ဘယ်လောက်ကျေပွန်လဲ
ဆု တွေတွဲလဲနဲ့တိုင်းတာ
အဲ့ဒါမှ……
ပြည့်စုံနိုင်ကြသလား။

သူ့ကို
ရွာငယ်ငယ်လေးမှာမွေး
လယ်သမားရဲ့ ကလေးပါပဲ။
ဘုန်းကြီးကျောင်းမှာစာသင်
တက္ကသိုလ်ကြီးတွေလဲမဝင်ဘူးပါဘူး။

နံပါတ်တုတ်အောက်မှာ
မီးဟုန်းဟုန်းတောက်ခဲ့တယ်
အတောင်ပေါက်စ ခွပ်ဒေါင်းဘဝက။
ကျွန်စိတ်မဝင်အောင်
သခင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပန်းလို မီးလိုကျင့်
စစ်သားကောင်းလည်းဖြစ်တယ်။

အင်္ဂလိပ်ကိုအာခံ
ဂျပန်ကိုတော်လှန်
ဆင်းရဲသားတွေအတွက် အမြဲမှန်ခဲ့တယ်။
ငြိမ်းချမ်းရေးကိုမြတ်နိုး
စစ်သူခိုးတွေနဲ့လမ်းခွဲခဲ့တယ်။

သူပျိုးတဲ့ပန်း
သူမနမ်းသွားရရှာဘူး။
သူ့ရွာငယ်လေး ရေးရေးတောင်
မြင်မသွားရရှာဘူး။
ရွှေတိဂုံကို ဖူးခွင့်မရပေမယ့်
ယုံကြည်ရာကို အမြစ်တွယ်
ခန့်ခန့်ထယ်ထယ် သေဆုံးခဲ့တယ်။

မျိုးဆက်ရှင်သန်ဖို့
မြောက်ဘက်ကိုပျံခဲ့တယ်။
တောင်ဘက်ပျံသူတွေကိုအားနာလို့
ကြားအလည်မှာ ရပ်မနေပါ
အဲ့ဒါမှ ရဲရင့်တဲ့ကြိုးကြာ။

ခြင်္သေ့နဲ့ယုန်ပြသာနာကို
နေသာသလိုမနေခဲ့ဘူး။
တဘဝလုံးရင်း
အားကြီးသူတွေကို
စစ်ခင်းခဲ့တယ်။

ဒါပေမယ့်….
သူ့ဧည့်ခန်းမှာ
တူနဲ့တံဇဉ် တလက်စီကလွဲ
ဆုဆိုတဲ့ တို့လို့တွဲလဲတွေ
နဲနဲမှမရှိခဲ့ဘူး။

လူထုအတွက်………
တော်လှန်ရေးနဲ့ကြီးပြင်း
တော်လှန်ရေးကိုရှုရှိုက်
တော်လှန်ရေးကိုထွေးချီ
ဆွေးဆွေးနီတဲ့ ခွပ်ဒေါင်း
အတောင်ဘယ်တုန်းကမှ မညောင်းခဲ့။

ခုတော့
သူရဲကောင်းတို့ရွာ
ဆိုင်းစု ကောင်းကင်မှာ
မြူတွေရစ်သိုင်းတဲ့
အောက်တိုဘာရဲ့ ညလည်ခင်း
အနီရောင် ကြယ်တစင်းကြွေ
သေချာတာက…………….
သူဘယ်တော့မှ မြေမခဘူး ။ ။


(သူရဲကောင်း ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော အတွက်ဂုဏ်ပြုရေးစပ်ပါသည်။)

ကမာပုလဲ

0 comments:

အပေါ်သို့