ထက်အောင်ခန့် (မြစ်မခ)
9 Oct, 2012
ဒလမြို့နယ်၊ ခနောင်ရွာမကျေးရွာအုပ်စုရှိ အလက(ခွဲ)ကျောင်းမှာ အလက ကျောင်းအဖြစ် အောက်တိုဘာလဆန်းတွင် ခွင့်ပြုမိန့် ကျပြီဖြစ်သော်လည်း ကျောင်းဆောင်အနေ အထားကြောင့် စာသင်ကြားရန် အခက်အခဲရှိနေကြောင်း သိရ သည်။
ထိုအလက(ခွဲ)ကျောင်းမှာ(၁၄)နှစ်ကြာပြီးနောက် အလက ကျောင်းအဖြစ် အောက်တိုဘာလဆန်းတွင် ခွင့်ပြုမိန့် ကျခဲ့ခြင်းဖြစ်ပြီး ကုက္ကိုသားများနှင့် ဆောက်ထားသည့်အတွက် သစ်သား များမှာ ဆွေးမြေ့ချစားနေပြီး ကျောင်း သားများမှာ စာသင်ကြားရာတွင် အန္တရာယ်ရှိပြီး ကြပ်တည်းစွာ စာသင်ကြားနေရခြင်းဖြစ်သည်။
“အရင်က ဓမ္မာရုံမှာ သင်ရတယ်။ အဲ့မှာ သင်ပြီးတော့ ကလေးတွေများလာတော့ဓမ္မာရုံ ကြီးနဲ့က အဆင်မပြေဘူးဆိုပြီ့း အဲ့ဒီနားက လယ်ကွက်လေးကိုဝယ်ပြီး ကျောင်းဆောက် မယ်ဆိုတော့ရွာထဲက လူတွေကလဲဆင်းရဲနွမ်းပါးတော့ ရွာထဲ မှာရှိတဲ့ နှစ် ၁၀၀ ကုက္ကို ပင် တွေကိုခုတ်ပြီးတော့ ဆောက်တယ်။”ဟု ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ဦးထွေးတင် က ပြောသည်။
ယခင်က အလက (ခွဲ) ကျောင်းမှ အလက ကျောင်းခွင့်ပြုမိန့်ကျရန် နှစ်များစွာကြာမြင့်ခဲ့သဖြင့်(၁၄)နှစ်ကာလအတွင်း အလယ် တန်းကျောင်းကျောင်းသားများမှာ ပညာရေးတစ်ဝက်တစ်ပျက် ဖြစ်ခဲ့ရကြောင်းကိုလည်း သိရသည်။ ငွေကြေးချမ်းသာသူ အနည်း အကျဉ်းမျှသာ ရန်ကုန်မြို့သို့ ကျောင်းအိပ်ကျောင်းစား သွားတက်ကြခြင်းဖြစ်သည်ဟု သိရသည်။
အထက်တန်းကျောင်းတက်ရန် ၎င်းရွာနှင့် အနီးဆုံး အထက်တန်းကျောင်းကိုပင်(၅)မိုင်ခန့် ကွာဝေးလျှက်ရှိသဖြင့် သွား လာရန် ခက်ခဲနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ကိုတော့ ၃ နှစ်ကြာရင်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့လဲ နှစ်စဉ်လျှောက်တာပဲ။ တစ်နှစ်မှ မပျက် ဘူး။ အခုလမှပဲ တရားဝင် အလယ်တန်းကျောင်း ကျတယ်။ ကလေးတွေက(၈)တန်းအောင်ပြီးတော့ ကျောင်း ဆက်မတက်နိုင် တော့ အကုန် လမ်းပေါ်ရောက်ပြီး ပဲ့ဦးစီးတွေ ဖြစ်ကုန်ကြတယ်။ လယ်တွေထဲ ရောက်ကုန် ကြတယ်။”ဟု ကျောင်းအကျိုးတော် ဆောင် ဥက္ကဌက ပြောသည်။
ယခုလက်ရှိတွင်ကျေးရွာ(၇)ရွာမှ ကျောင်းသား၊ ကျောင်းသူပေါင်း(၅၆၀)ပညာသင်ကြား လျက်ရှိပြီး လာမည့်နှစ်တွင် အလယ် တန်းကျောင်းအဖြစ် ပြောင်းလဲသင်ကြားတော့မည် ဖြစ်သည့်အတွက် ကျောင်းသားပေါင်း(၆၀၀)ကျော်ခန့် ပညာသင်ကြားနိုင်မည် ဖြစ်သည်။
ကျောင်းဆောင်အသစ်ဆောက်လုပ်ရန်အတွက် အလှူရှင်များလိုအပ်လျက်ရှိကြောင်းသိရှိရပြီး ဆက်သွယ်လှူဒါန်းလို ပါက ကျောင်း အကျိုးတော်ဆောင်ဥက္ကဌ ဦးထွေးတင် ဖုန်း -၀၉-၅၀၄၉ ၈၈၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိ ရသည်။
Ref: မြစ်မခ
Wednesday, October 10, 2012
ဒလမြို့နယ်မှ အသစ်စက်စက် ခနောင် အ.လ.က ကျောင်းဆောင်အတွက် အလှူရှင်လိုအပ်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment