ရန်နိုင်(မြစ်မခ)
9 Oct, 2012
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာနှင့် တစ်မိုင်ဝန်းကျင်အတွင်း မြန်မာ့တပ်မတော်နှင့် KIA စစ်တပ်တို့ အောက် တိုဘာ(၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
လုံးခင်း အ.ထ.က ကျောင်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၍ ကျောင်းဈေးတန်းသို့ အနည်းငယ်ထိခိုက် မိခဲ့ သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်းနှင့် တိုက်ပွဲမှာ ခဏသာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“အစက နှစ်မိုင်အကွာလောက်မှာဖြစ်နေကြတာ။ တိုက်ပွဲဖြစ်ပြီး မိနစ်လေးဆယ်လောက်ကြာတော့ တစ်မိုင်အကွာလောက် အထိ ရောက်လာတယ်။ အခုထိ ပစ်နေကြတုန်းပဲ လက်နက်ကြီးတွေနဲ့လည်း ပစ်ကြတယ်”ဟု လုံးခင်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ထွန်းဦးက ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားချိန်သည် ကျောင်းတက်ချိန်ဖြစ်နေသောကြောင့် အ.ထ.က လုံးခင်း(တွဲဖက်)စာသင်ကျောင်းမှ ကျောင်း သားများကို ကျေးရွာအုပ်ချုပ်ရေးမှုများနှင့် ကျောင်းမှတာဝန်ရှိသူများမှ ကြီးကြပ်၍ ကျောင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ကျောင်းရဲ့ မျက်နှာချင်းဆိုင်နားမှာ စစ်တပ်ကုန်းရှိနေတော့ တိုက်ပွဲဖြစ်ပြီး နာရီဝက်လောက်အထိ ကျောင်း ပြန်မလွှတ်သေးဘူး။ နည်းနည်းကြာမှ မိဘတွေကလည်း လာခေါ်ကြတယ်။ သက်ဆိုင်သူ တွေကလည်း ကြီးကြပ်ပြီးတော့ ကျောင်သားတွေကို ပြန်ပို့ ပေး ကြတယ်”လုံးခင်း ဒေသခံတစ်ဦး ကပြောသည်။
တိုက်ပွဲကြောင့် ကားလမ်းခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားရပြီး လုံးခင်းကျေးရွာနှင့် အနီးတ၀ိုက် ကျေးရွာအုပ်စုများမှ ဈေးများ၊ ဆိုင်များလည်း ပိတ်ထားရပြီး ဒေသခံများလည်း အပြင်သို့မထွက်ရဲကြပဲ အိမ်များအတွင်း၌သာ ခိုအောင်းနေကြသည်ဟု ဒေသခံ တို့က ဆိုသည်။
Ref: မြစ်မခ
0 comments:
Post a Comment