Wednesday, March 27, 2013

ကျင့်ဝတ်နဲ့အညီ ပဋိပက္ခသတင်းရေးသားဖော်ထုတ်ဖို့ လိုအပ်နေတဲ့ခေတ်

မေသင်္ကြန်ဟိန် ( မြစ်မခ)
26 Mar, 2013

မိထ္တီလာအကြမ်းဖက်မှု သတင်းတွေနဲ့ ပတ်သက်ပြီးတော့ facebook ပေါ်မှာ အချိန်နဲ့တပြေးညီ POSTတွေ တော်တော်များများ တက်ခဲ့တာကို တွေ့မြင်ခဲ့ရတယ်။

ဘယ်လို ရည်ရွယ်ချက်နဲ့ တင်ခဲ့ကြသလဲ ဆိုတာကိုတော့ ကျမ မသိပါဘူး။ ဒါပေမဲ့ အချို့သတင်းတွေကတော့ ကြောက်စရာကောင်းလောက်အောင်ကို လူတွေကို လှုံ့ဆော်တဲ့ သဘောထားတွေနဲ့ တက်လာခဲ့တာ တွေ့ရပါတယ်။ ဒီလို သတင်းတွေက ကျမတို့ တိုင်းပြည်အတွက်တော့ အန္တရာယ်ကြီးလှပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ ဒီလိုသတင်းမျိုးကို ဖော်ပြမယ်ဆိုရင် ကျင့်ဝတ်အတိုင်း တိတိကျကျ လိုက်နာဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ဒီအဖြစ်အပျက်ကနေ မြင်တွေ့ နားလည် ခဲ့ရပါတယ်။

ကျမတို့ မြစ်မခအနေနဲ့ မိထ္တီလာသတင်းနဲ့ပတ်သက်ပြီး မိထ္တီလာရွှေဆိုင်မှာ ပြဿနာစဖြစ်တဲ့ မတ်လ ၂၀ ရက်နေ့ ကတည်းက သတင်းအချို့ ရရှိပါတယ်။ ရရှိတဲ့ သတင်းတွေက လည်း အမျိုးမျိုးပါ၊ ခနနေ ရွှေရောင်းတဲ့ သူက မြေးအဖွားဖြစ်လိုက်၊ ခနနေတော့ ရွှေရောင်းတဲ့ သူက လင်မယားဖြစ်သွားပြန်ရော အဲဒီလို ကြားသတင်းတွေ တက်လာတဲ့အပြင် ရန်ဖြစ်ပွဲ ရိုက်ပွဲ သတင်းတွေနဲ့အတူ မီးရှို့ပြီဆိုတဲ့ သတင်းတွေကလည်း တက်လာတယ်။

အဲဒီအချိန်မှာ ဒီသတင်းတွေကို အကြားနဲ့ ဖုန်းသတင်းတွေ၊ ကြားသတင်းတွေကို ရေးသားရာမှာ အန္တရာယ်ကြီးလှတဲ့ အတွက် ကျမတို့အယ်ဒီတာအဖွဲ့အနေနဲ့ ဒီသတင်းကို အတည်ပြု ပြီးမှ၊ အတည်ပြုလို့ရမှသာလျှင် ကိုယ့်သတင်းဝက်ဆိုဒ်မှာ သတင်းအနေနဲ့ ဖော်ပြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

နောက်ဆက်တွဲ သတင်းတွေကို ဆက်ပြီး စုံစမ်းကြည့်တော့ မီးရှို့တာတွေ ဟိုလူကို သတ်ပြီ ဒီလိုတွေ အကြမ်းဖက်ပြီ ဆိုတဲ့ သတင်းတွေက ရုံးကိုလည်း တယ်လီဖုန်းတွေနဲ့ ၀င်လာ သလို၊ ကျမရဲ့ လက်ကိုင်ဖုန်းမှာလည်း သတင်းတွေ ၀င်လာကြတယ်။ အားလုံးက ကြားရတာနဲ့ ပြောနေကြတာ ဖြစ်တယ်။

ကြားသတင်းတွေတင်ဖြစ်နေတဲ့အတွက် ကိုယ့်သတင်းထောက် ကို လွှတ်ပြီး သတင်းယူရမလားဆိုတာကိုလည်း ထည့်စဉ်းစားရပါတယ်။

မြစ်မခ မီဒီယာအနေနဲ့ မိထ္တီလာမှာ သတင်းထောက်မရှိတဲ့အတွက် ဒီသတင်းကို ဓါတ်ပုံနဲ့တကွ ယူနိုင်ဖို့အတွက် မန္တလေးက သတင်းထောက်ကို မိထ္တီလာလွှတ်မလား ဆိုတဲ့ကိစ္စကို လည်း ကျမတို့အယ်ဒီတာအဖွဲ့ စဉ်းစားကြရပါတယ်။

သတင်းထောက်က သွားရောက်သတင်းယူချင်စိတ်ပြင်းပြနေတယ်ဆိုရင်လည်း သူ့လုံခြုံရေးအတွက် စဉ်းစားဖို့ ကျမတို့ မီဒီယာမှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် အကြမ်းဖက်မှုတွေ မတည်ငြိမ်သေးတဲ့အချိန်မှာ သတင်းထောက်ကိုယ်တိုင် သွားရောက် သတင်းယူဖို့ ကိစ္စက တော်တော်လေး စဉ်းစားရကြပ်ပါတယ်။

သတင်းတွေကိုလည်း ဓါတ်ပုံနဲ့အတူ အချိန်နဲ့တပြေးညီဖော်ပြပေးချင်တဲ့ စိတ်ကလည်း ကျမတို့မှာ အင်အား ကြီးမားလှပါတယ်။ ဒါပေမဲ့လည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီး ကြားမှာ သတင်းယူဖို့အတွက် ကျမတို့ သတင်းထောက်ရဲ့ လုံခြုံရေးကို စိတ်မချနိုင်ပါဘူး။

အဲဒါကြောင့် အခြေအနေမတည်ငြိမ်သေးခင်မှာ ဖုန်းနဲ့ပဲ သတင်းရသလောက်ယူပါ၊ သတင်းဓါတ်ပုံ သုံးစရာမရှိရင် မသုံးပါနဲ့ လို့ပဲ ကျမတို့အယ်ဒီတာအဖွဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ facebook ပေါ်မှာ တက်လာတာတွေ နားအကြားနဲ့ အတည်မပြုနိုင်ဘဲနဲ့တော့ သတင်းမရေးကြဖို့ သတင်းသမားတွေ အားလုံးကို သတိရှိနေတဲ့အတွက် မိထ္တီလာသတင်းနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် စီစစ်ခဲ့ကြပါတယ်။

နောက်တဆင့်ကတော့ ကိုယ်ရတဲ့ သတင်းက မှန်နေတယ်၊ အချက်အလက်တွေကလည်း မှန်တယ်။ တိကျတယ်ဆိုရင်တောင်မှ ဒီသတင်းကို ဖော်ပြခြင်းအားဖြင့် ဘာဖြစ်သွားမလဲ ပဋိပက္ခအခြေအနေ ပိုဆိုးသွားနိုင်သလား ဆိုတာကိုလည်း စဉ်းစားကြည့်ပါတယ်။

သတင်းသမားတွေ စောင့်ထိန်းရတဲ့ ကျင့်ဝတ်မှာလည်း သတင်း သို့မဟုတ် သတင်းဆောင်းပါး ရေးသားထုတ်လွှင့်ရာ၌ ­ လူမျိုးရေး ဘာသာရေး အရ နှိမ့်ချဆက်ဆံမှု ၊ အကြမ်းဖက်မှု ၊ ဆူပူသောင်းကျန်းမှုတို့ကို အားပေးအားမြှောက်ပြုသည့် ကောက်ချက် သို့မဟုတ် ဝေဖန်ချက်များ မပါစေရ။ လှုံ့ဆော်ရေးသားခြင်း မပြုရ။ဆိုတဲ့ ကျင့်ဝတ်လည်း ရှိပါတယ်။

နောက်တစ်ချက် စဉ်းစားတာကတော့ သတင်းဖော်ပြရာမှာ အချက်အလက် အဖြစ်အပျက်တွေကို မှန်တဲ့ အဖြစ်အပျက်ကို ဖော်ပြလိုက်တဲ့အတွက် ပြည်သူတွေအတွက် ပိုကောင်း စေသလား၊ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားသလား၊ ဒါဆိုရင်တော့ ဖော်ပြသင့်တယ်လို့ လက်ခံယူဆပါတယ်။

ဒီလိုမှ မဟုတ်ဘူး ကိုယ်ရထားတဲ့ သတင်းအချက်အလက်က မှန်ကန်တယ်ဆိုဦးတော့ ဒါကို ဖော်ပြလိုက်ရင် လူတွေပိုပြီး ဒေါသတွေဖြစ်လာပြီး ပဋိပက္ခတွေကြီးထွားလာနိုင်သလား၊ ဒါဆိုရင်တော့ မဖော်ပြသင့်ဘူးလို့ စဉ်းစားပါတယ်။

အဲဒီအချိန်တုန်းက facebook မှာ တွေ့မြင်ရတဲ့ ဓါတ်ပုံတွေမှာ အစစ်အမှန်တွေပါဝင်သလို ဖန်တီးထားတဲ့ ဓါတ်ပုံတွေ၊ အခြား အခြေအနေတစ်ခုက ဘာမှ မဆိုင်တဲ့ ပုံတွေကိုလည်း ဒီအတိုင်း တင်နေကြတာတွေ့ရပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ သတင်းဦးချင်တဲ့စိတ်ကို နားလည်လို့ရပေမဲ့ မြန်ချင်တဲ့စိတ်နဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်တာမျိုးကိုတော့ အားမပေးနိုင်ပါဘူး။ ကျင့်ဝတ်နဲ့အညီဆိုတာ ကျမတို့တွေအတွက်သာမက ပြည်သူလူထုအတွက်ပါ အရေးလှပါတယ်။

ကျမတို့ တိုင်းပြည်လို အသွင်းကူးပြောင်းနေချိန် အန္တရာယ်များချိန်မှာ ဒီလိုအကြမ်းဖက်ခြင်း ဆိုင်ရာ သတင်းတွေကို ဓါတ်ပုံတွေနဲ့ Highlight လုပ်ပြီး ဖော်ပြသင့် မသင့်ဆိုတာကလည်း တော်တော်လေး စဉ်းစားသင့်တဲ့ ကိစ္စမျိုးပါ။

ဒါ့အပြင် နိုင်ငံခြား မီဒီယာတွေက ဒီလိုကိစ္စတွေ ဖြစ်ရပ်တွေကို ဖြစ်နေတာထက်ပိုပြီး ပုံကြီးချဲ့ပြီး သတင်းဖော်ပြချင်တဲ့ သဘောသဘာဝ ရှိနေတာကိုလည်း သတိပြုမိတဲ့အတွက် နိုင်ငံတကာမီဒီယာတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေသူတွေအနေနဲ့ သတိပြုရတဲ့ သတင်းမျိုးလည်း ဖြစ်ပါတယ်။

နိုင်ငံခြား သတင်းဌာနတစ်ခုက ဆိုရင် facebook ပေါ်မှာ တက်လာတဲ့ ပုံတွေကို ကြည့်ပြီး ဘုန်းကြီးတွေ အကြမ်းဖက်နေတယ် မဟုတ်လား ဆိုတဲ့ မေးခွန်း တက်လာခဲ့ပါတယ်။ဒီလို သတင်းထွက်လာတာကိုက ကျမတို့ တိုင်းပြည်နဲ့ လူမျိုးရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။

လက်ရှိ အခြေအနေမှာ မိထ္တီလာက ဒုက္ခသည်တွေကို ကူညီပေးနေတာကလည်း မြန်မာ ဘုန်းတော်ကြီးတွေ၊ မြန်မာ လူငယ်တွေနဲ့ မြန်မာတွေအားလုံး ၀ိုင်းဝန်း ကူညီနေကြတာပါ၊ အကြမ်းဖက်မှုနဲ့ အကြပ်အတည်းထဲမှာ ပိတ်မိနေတဲ့ မွတ်ဆလင်တွေကို မြန်မာလူငယ်တွေနဲ့ ရဲတွေကပဲ ကူညီကယ်တင်လာကြတယ်ဆိုတာမျိုးကိုတော့ နိုင်ငံခြား သတင်းဌာနတွေက စိတ်မ၀င်စားကြပါဘူး။

အဲဒါကြောင့် လူမှုကွန်ယက်တွေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သတင်းဌာနတွင်းမှာပဲဖြစ်ဖြစ် ကိုယ့်ပြည်သူတွေကို ထိခိုက်စေမဲ့ ကိုယ့်တိုင်းပြည်ကို ထိခိုက်နစ်နာစေမဲ့ ကိစ္စမျိုးတွေ အမြင် မျိုးတွေ မဖြစ်ရလေအောင် ၀ိုင်းဝန်းထိမ်းသိန်းဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်ကိုလည်း ရရှိစေခဲ့ပါတယ်။

ခုလို အခြေအနေတွေ တည်ငြိမ်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေနဲ့ အကျိုးဆက်တွေကို သိလာချိန်မှာတော့ မိထ္တီလာသတင်းနဲ့ပတ်သက်ပြီး ကျမတို့ စဉ်းစားချင့် ချိန်လိုက်ကြတာက မမှား ဘူး၊ စဉ်းစားချင့်ချိန်တာ မှန်တယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်မိပါတယ်။

ရှေ့ဆက်ပြီး အသွင်ကူးပြောင်းချိန်မှာ ဖြစ်တတ်တဲ့ စိန်ခေါ်မှုတွေနဲ့ကျမတို့ သတင်းမီဒီယာတွေ ခြေလှမ်းမှန်မှန်နဲ့ ဘယ်လို ရှေ့ဆက်ကြမလဲဆိုရာမှာတော့ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီဆိုတာက လွဲပြီး အခြား နည်းလမ်းကောင်း မရှိတော့ဘူး ထင်ပါရဲ့ရှင်။


Ref: မြစ်မခ

0 comments:

အပေါ်သို့