Friday, March 29, 2013

ပဲခူးတိုင်း ပဋိပက္ခဖြစ်စဉ် ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်

ခိုင်ခိုင်
မတ်လ ၂၈ ရက် ၂၀၁၃ ခုနှစ်

မတ်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း အနောက်ခြမ်း ပဋိပက္ခ ဖြစ်စဉ်များတွင် လုံလောက်စွာ ဂရုစိုက်မှု မရှိဟု ပြည်သူများက ပြောဆိုချက်များကို ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက ဝင်ရောက်ထိန်းသိမ်းစဉ် မလိုလားသည့် အခြေအနေများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည်ဟု မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

၎င်းက “ ကျနော်တို့ ၀င်မထိန်းတာကိုပဲ မြင်ကြတာ။ တကယ်တမ်းက ၀င်ထိန်းရင်းနဲ့ တခြား မလိုလားစရာ အခြေအနေတွေကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာပဲ။ ဘယ်သူမှ ဒါမျိုးကို ခန့်မှန်းမပေးနိုင်ဘူး။ ကျွန်တော်တို့ အဓိက လိုနေတာက စိတ်ဓါတ်တွေပဲ၊ ဥပဒေကို လေးစားမှု လိုသေးတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

မတ်လ ၂၆ရက်နေ့မှ စတင်ပြီး ပဲခူးတိုင်း အနောက်ဖက်ခြမ်းရှိ ကြို့ပင်ကောက်၊ မင်းလှ၊ အုတ်ဖို ၊ဇီးကုန်း အစရှိသည့် မြို့များတွင် ပုဒ်မ၁၄၄ ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၈ရက်နေ့တွင် အခြေအနေများမှာ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဒေသခံများမှာ ပဋိပက္ခဖြစ်စဉ်များ ထပ်မံဖြစ်ပွားမည်ကို ကြောက်ရွံ့နပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များတွင် ခိုလှုံနေကြကြောင်းနှင့် ပဋိပက္ခတွင် ပါဝင်သူအများစုမှာ ထွက်ပြေးနေကြသည်ဟု မင်းလှရဲစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

၎င်းက ဆက်၍ “ပြည်သူတွေကို ကာကွယ်ပေးတာက ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ရတာကို သူတို့ကို မစောင့်ရှောက်လို့ ဖြစ်တာ ပြောတာတော့ မကောင်းဘူး” ဟုသူ့အမြင်ကို ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များမှာ မိတ္ထီလာမြို့မှ စတင်ခဲ့သော ကိစ္စများ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်ဟု ယူဆကြောင်း ဇီးကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက သူ့အမြင်ကို ပြောပြသည်။

၎င်းက “ဘယ်ကိစ္စကတော့ စပြီးဖြစ်တယ်ဆိုတာတော့ တိတိကျကျမရှိဘူး။ မိတ္ထီလာကစတာလို့ပဲ ပြောရမှာပဲ။” ဟု ဆိုသည်။

၎င်းက ဆက်၍ မနေ့က ဖြစ်ခဲ့သည့် ကိစ္စများအတွက် လုံခြုံရေးများကို တာဝန်ယူနိုင်သလောက် ယူခဲ့ကြသော်လည်း မလုံလောက်မှုများ ရှိကောင်း ရှိနိုင်ကြောင်း ပြောသည်။

မတ်လ၂၀ရက်နေ့တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ သုံးရက်ခန့် ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်တွင် သက်ဆိုင်ရာမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင် အရေးပေါ်ကြေညာချက် ထုတ်ပြန်ကာ တပ်မှ ၀င်ရောက် ထိန်းသိမ်းမှုများ ပြုခဲ့ရသည်။

မင်းလှမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မြို့၏လက်ရှိအခြေအနေမှာ ဘာမှတိတိကျကျ မသိရသေးသည့် အချိန်လို့ဟု ဆိုသည်။

နတ္တလင်းရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဇော်က မတ်လ၂၇ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋ္ဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ခဲ့သူဟု ယူဆထားသူများကို ထိန်းသိမ်းထားကြောင်း မဇ္ဈိမသို့ ပြောသည်။

ဒုရဲအုပ်အောင်ဇော်ဇော်က “လောလောဆယ်ကတော့ ၂ယောက်ပဲရှိပါသေးတယ်ဗျ။ ပြန်ပြီးတော့ နောက်ဆက်တွဲ မေးမြန်းစရာတွေ ရှိပါသေးတယ်။ ကျန်တဲ့ နောက်ဆက်တွဲတွေ ကတော့ အခုလုပ်ဖို့ မရှိသေးပါဘူး။ ကျွန်တော်တို့ ထိန်းသိမ်းထားတာက မသင်္ကာလို့ မဟုတ်ပါဘူး” ဟု ရှင်းပြသည်။

မတ်လ ၂၇ ရက်နေ့ ညနေသုံးနာရီခန့်က ပဲခူးတိုင်း မင်းလှမြို့၊ဇီးကုန်းမြို့၊ နတ္တလင်းမြို့နှင့် နီးစပ်ရာရွာများတွင် လူဦးရေ ရာကျော်ခန့်က ဘာသာရေးအဆောက်အအုံများနှင့် အိမ်အတွင်းရှိ ပစ္စည်းများအား ဖြိုဖျက်ခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ညနက်ချိန်အထိ ဆက်လက် ဆူပူမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့