Tuesday, March 26, 2013

ဓလေ့အယူအဆကြောင့် ယင်းတလဲလူမျိုး လူဦးရေနည်းပါး

စောဇင်ညီ
မတ်လ ၂၅ ရက် ၂၀၁၃ ခုနှစ်

ကယားပြည်နယ် ကရင်နီ လူမျိုးစုတွင် ပါဝင်သော ယင်းတလဲ လူမျိုးများသည် ဓလေ့ အယူအဆကြောင့် လူဦးရေ နည်းပါးမှု ရှိလာကြောင်း ဖားဆောင်းမြို့နယ် ၀မ်အောင်းရွာမှ ယင်းတလဲ ဒေသခံများက ပြောသည်။

အသက် ၆၂နှစ်အရွယ် ယင်းတလဲ အမျိုးသမီးက “ကျွန်မတို့ လူမျိုးတွေက အခြားဒေသက လူမျိုးတယောက်နဲ့ လက်ထပ်သွားရင် သူ့ကို ယင်းတလဲလို့ ကျွန်မတို့ လူမျိုးကြားမှာ သိပ်လက်မခံချင်ကြတော့ဘူး” ဟု ရှင်းပြသည်။

ယင်းတလဲ လူမျိုးများသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ နီးစပ်သည့် ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ၀မ်အောင်းရွာနှင့် အနီးပတ်ဝန်းကျင် ရွာများတွင် နေထိုင်ကြ သူများဖြစ်သည်။

ထိုလူမျိုးများသည် ကယားပြည်နယ် (ကရင်နီပြည်) စတင် တည်ထောင်စဉ်ကတည်းကပင် ရှိခဲ့ကြသည့် “ဖဘံ့” စော်ဘွားအမျိုးအနွယ်ဝင်းများ ဖြစ်ကြပြီး ယခင်က လူဦးရေ အများအပြား ရှိခဲ့ရာမှ ယခုလူ ၉၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း ကယားပြည်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးချစ်လှက ဆိုသည်။

“သူတို့က ကယားပြည်နယ်ရဲ့ လူမျိုးကြီးတွေ ဖြစ်ခဲ့ပါတယ်။ အရင်စော်ဘွားမျိုးတွေ ရှိကတည်းက စော်ဘွား အနွယ်ဝင်တွေပါ။” ဟုဦးချစ်လှ က ပြောသည်။

ယခင်ကယားပြည်နယ် လွိုင်ကော်မှ ဖားဆောင်းမြို့သို့ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော်လည်း ယခုအခါ ၇၅ မိုင်သာသွားရောက်ရကြောင်း လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ယင်းတလဲ လူမျိုးများသည် ဆွေမျိုးအချင်းချင်းချစ်ကြိုက်ခြင်း အချို့မှာ မြို့တက်၍ ကယားလူမျိုးအဖြစ်သာ ခံယူလိုက်ခြင်းတို့ကြောင့် လူမျိုးစု နည်းပါးသွားခြင်းဖြစ်ကြောင်း ဦးချစ်လှက ဆက်လက်ပြောသည်။

ထိုသို့ လူမျိုးစုနည်းပါးသွားသည့် အတွက်ဓလေ့စရိုက်အချို့လည်း ပျောက်ကွယ်သွားကြောင်း သိရသည်။

ဝန်ကြီး ဦးချစ်လှက “ယင်းမလဲ လူမျိုးတွေမှာ အရင်က အမဲလိုက်တဲ့ ဓလေ့စရိုက်ရှိကြတယ်။ အခုတော့ အဲဒါတွေ ပျောက်ကွယ်သွားတယ်” ဟု ဆိုသည်။

ယင်းတလဲ လူမျိုးများသည် ဗုဒ္ဒဘာသာနှင့် နတ်ကိုးကွယ်သူများ ဖြစ်ကြပြီး ဂျီသားနှင့် ဆတ်သားစသည့် အသားများ ဓလေ့စရိုက် အယူအဆအရ မစားသုံးကြကြောင်း ယင်းတလဲ ဒေသခံများမှ သိရသည်။

ယင်းတလဲ လူမျိုးများတွင် အမျိုးသမီးဦးရေ ပိုမိုများပြားပြီး တောင်ယာ လုပ်ငန်းလုပ်ကိုင်ကာ နှမ်းစိုက်ပျိုးမှုနှင့် ဝက်မွေးမြူမှု အများအပြား လုပ်ကိုင်ကြောင်း ဒေသခံများမှ သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့