Friday, March 29, 2013

ဆိုက်ပရက် ဘဏ်တွေ ပြန်ဖွင့်

28.03.2013

Cyprus ကျွန်းနိုင်ငံရဲ့စီးပွားရေး ပြိုပျက်လုဖြစ်ခဲ့တဲ့အတွက် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတဝှမ်းက ဘဏ်တွေကို သီတင်း ၂ ပါတ်အကြာမှာ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်၊ ဘဏ်တွေပြန်ဖွင့်မဲ့ နေ့လည် ၁၂ နာရီမတိုင်ခင်ထဲက ဘဏ်စာရင်းရှိသူတွေဟာ ဘဏ်တွေအပြင်မှာ တန်းစီစောင့်နေခဲ့ကြပါတယ်၊ ဘဏ်တွေမှာ ငွေပြတ်ကုန်မှာစိုးတဲ့အတွက် ငွေ အ ထုတ်အသွင်း၊ အရွှေ့အပြောင်းလုပ်တဲ့ ပမာဏကို အစိုးရက ထိန်းချုပ်ထားတဲ့အပေါ်မှာ တချို့က ကျေနပ်ကြပုံမရပါဘူး၊ တနေ့ကို ယူရိုငွေ ၃၀၀ ထက်ပိုပြီးထုတ်ခွင့်မရှိဘူးလို့ ကန့် သတ်ထားတဲ့အပေါ် တချို့ကလဲ ဒေါသထွက်ခဲ့ကြပါတယ်၊ နိုင်ငံပြင်ပကို ထွက်ခွာမဲ့သူတွေအနေနဲ့လဲ ယူရိုငွေ ၃ ထောင်ထက် ပိုပြီးယူသွားခွင့် မရှိပါဘူး။

အကြွေးတွေပြန်မဆပ်နိုင်တော့ဘဲ Cyprus နိုင်ငံ ဒေဝါလီခံ ရတော့မဲ့ အခြေအနေ ဆိုက်ရောက်ခဲ့တဲ့အတွက် ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်နဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့တို့ဆီကနေ အရေးပေါ်ချေးငွေရနိုင်ဖို့ ညှိုနှိုင်းနေတဲ့ကာလ March လ ၁၆ ရက်နေ့ထဲက Cyprus ဘဏ်တွေကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

အရေးပေါ်ကယ်ဆယ်ထောက်ပံ့ငွေ ယူရို ၁၀ ဘီလျံ ရနိုင်ဖို့ သဘောတူညီချက်အရ Cyprus ဘဏ်တွေမှာ အပ်ထားကြတဲ့ထဲက ယူရိုငွေ ၁ သိန်းကျော်တဲ့ ဘဏ်စာရင်းတွေထဲက ပမာဏ အများဆုံးနဲ့ အာမခံ မရှိတဲ့ ဘဏ်စာရင်းတွေရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်များတဲ့ပမာဏကို အစိုးရ အရေးပေါ်အသုံးစရိတ်အဖြစ် သိမ်းပါမယ်လို့ နိုင်ငံတကာ ငွေချေး သူတွေနဲ့ Cyprus အစိုးရ သဘောတူထားရပါတယ်၊ ဥရောပသမဂ္ဂထဲက ယူရိုငွေသုံးစွဲတဲ့နိုင်ငံတွေထဲမှာ Cyprus နိုင်ငံဟာ ဒေဝါလီ မခံရအောင် နိုင်ငံတကာဆီက အရေးပေါ်ချေးငွေယူရတဲ့ ၅ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်၊


Ref: ဗွီအိုအေ

0 comments:

အပေါ်သို့