Friday, March 29, 2013

ပြည်ထဲရေး၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန်လို

ခိုင်ခိုင်
မတ်လ ၂၈ ရက် ၂၀၁၃ ခုနှစ်

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန်လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား များ အဖွဲ့မှ မတ်လ၂၇တွင် ထုတ်ပြန်သော ကြေညာချက်တွင် ထောက်ပြခဲ့သည်။

၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက "ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ လက်အောက်မှာရှိတဲ့ လုံခြုံရေး တာဝန်ကျတဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒါပေမဲ့ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရဘူး။ အဓိက ကတော့ တာဝန်ယူနိုင်တာဟာ ပြည်ထဲရေး ၀န်ကြီးဌာနပဲ။ ဒီထက် ပိုပြီးအားစိုက်ဖို့ လိုတယ်ဆိုတာကို ကျွန်တော် တို့က ထောက်ပြထားပါတယ်" ဟု မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး) တွင် လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များနှင့်ပတ်သက်၍ မတ်လ၊ ၂၈ ရက် ညနေ မွန်းလွဲ ၃း၀၀ နာရီတွင် ၈၈မျိုးဆက် ကျောင်းသားများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းမှာ တာဝန်ရှိသူများ အကုန်လုံး ပူးပေါင်းဆောင်ရွက် စေချင်သောကြောင့် ဖြစ်သည်ဟု ၈၈မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ကိုဇော်မင်းက ရှင်းပြခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ဒေသအသီးသီးမှာ ရှိသည့် အဖွဲ့အစည်း အသီးသီးမှ ပဋိပက္ခများကို အတတ်နိုင်ဆုံး အမြန်ပြီးဆုံးသွားစေရန် ၀ိုင်းဝန်းကူညီရန်နှင့် သံဃာတော်များ အနေဖြင့် လည်း တတ်နိုင်သမျှကာ နောက်ထပ်
မဖြစ်ရန် တိုက်တွန်းခဲ့ကြသည်ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ သိရသည်။

ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေးတို့မှ မီဒီယာများက မေးမြန်းသည်ကို ဖြေကြားခဲ့ပြီး ကိုကိုကြီးမှ ယနေ့ဖြစ်ပွားနေသော ကိစ္စရပ်များကို ရာဇ၀တ်မှု၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

ထို့အပြင် သတင်းဖော်ပြမှုများကိုလဲ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဖော်ပြနိုင်ရန် ကြိုးစားပေးစေလိုကြောင်း သတင်းမီဒီယာများသို့ တိုက်တွန်းခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များနှင့်ပတ်သက်၍ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ သဘောထားထုတ်ပြန်ချက်ကို မတ်လ၂၇ရက်နေ့ ထုတ်ပြန်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့