Wednesday, March 27, 2013

သံရုံးကြေညာချက်ကိစ္စ သံအမတ်ကြီး၏အထင်လွဲမှားမှုဖြစ်နိုင်ကြောင်း ဦးရဲထွဋ်ပြောကြား

ကျော်ဇင်မန်း(မြစ်မခ)
26 Mar, 2013

လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍အမေရိကန်သံရုံးမှ မြန်မာနိုင်ငံရှိ အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ်ကြေညာချက်တစ်စောင် မတ်လ(၂၇)ရက်နေ့ နေ့စွဲဖြင့့်  ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိအမေရိကန်နိုင်ငံသားများကိုရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသည့် ကောလဟာလများအရ မင်္ဂလာဈေး၊ ယုဇနပလာဇာနှင့် ကန်တော်ကြီးအနီးတစ်ဝိုက်နေရာများသို့သွား ရောက်ခြင်း မပြုကြရန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း သွားရောက်လည်ပတ်ခြင်း မပြုကြရန် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


“နိုင်ငံတော်နဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံခြားသားတွေကိုအမြဲဂရုစိုက်စောင့်ရှောက်ကြပါတယ်၊ အမေရိကန် သံအမတ်ကြီးက ကျွန်တော်တို့မြန်မာတွေအပေါ်မှာ အထင်အမြင်မှားပြီး ဆုံးဖြတ်လိုက်ပုံရပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီးဦးရဲထွဋ်က အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ပြောကြားသည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်ထဲတွင် အမေရိကန်နိုင်ငံသားများ အားမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ဆန္ဒထုတ်ဖော်မှု၊ ဆူပူမှုများထဲတွင်ပါဝင်ခြင်းများမပြုကြရန်နှင့် အရေးပေါ်ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အမေရိကန်သံရုံးသို့ ဆက်သွယ်ကြရန် အသိပေးပါရှိသည်။

အဆိုပါသံရုံး၏ ထုတ်ပြန်ကြေညာချက်ကြောင့် မြန်မာပြည်အတွင်းသို့ ၀င်ရောက်ကြမည့် နိုင်ငံခြာသားများအနေဖြင့် စိုးရိမ်သွားနိုင်ပြီး၊ နိုင်ငံခြားသား ၀င်ရောက်မှု အပေါ်တွင် ထိခိုက်သွားနိုင်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

“သူတို့လည်းသူတို့နိုင်ငံသားအတွက် စိတ်ပူတာနဲ့ ဘယ်နိုင်ငံသားမဆိုသက်ဆိုင်ရာ သံရုံးတွေက သူတို့ နိုင်ငံသားတွေကို သတိပေးရမယ့်တာဝန်ရှိတာကို လက်ခံလို့ရပေမဲ့ ခုလို ကြေညာချက်ထုတ်လိုက်တော့ ခရီးသွား လုပ်ငန်းအနေနဲ့ ပြောရရင် ထိခိုက်တာပေါ့။ ပြီးခဲ့တဲ့ရက်တွေထဲက ခရီးအသွားအလာ ကျုံ့နေတာ”ဟု Rubyland ခရီးသွားလုပ်ငန်းမှ MDဦးအေးကျော်ကပြောသည်။

မတ်လ(၂၀)ရက်နေ့မှစတင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သော မိတ္ထီလာမြို့မှာလက်ရှိအချိန်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားလျက်ရှိပြီးပုဒ်မ(၁၄၄)ထုတ်ပြန်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိရပ်ကွက်များ၌လည်း မတ်လ(၂၅)ရက်နေ့က ဒေသန္တရအမိန့်များတရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့