Wednesday, March 27, 2013

မော်ဒယ်အမြင့် ကားအပိုပစ္စည်းအတွက် ပူပန်စရာမလိုတော့

မြတ်မိုးကျော်(မြစ်မခ)
26 Mar, 2013

မြန်မာနိုင်ငံကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားအစီးရေများပြားလာသည်နှင့်အမျှ လိုအပ်သည့် ပစ္စည်းများ အတွက် ကားဝပ်ရှော့များနှင့် ကားအပိုပစ္စည်းအရောင်းဆိုင်များမှ ကြိုတင်၍အပိုပစ္စည်းမှာယူတင်သွင်းမှုများ ရှိလာခြင်းကြောင့် ကားပြုပြင်ရေးဈေးကွက်အတွင်း ယခင်ကထက် ပစ္စည်းအမျိုးအစား စုံလင်စွာ ရရှိလာကြောင်း အပိုပစ္စည်းအရောင်း ဆိုင်များမှ သိရသည်။

ကားအပိုပစ္စည်းများအတွက်မှု သက်ဆိုင်ရာနိုင်ငံများသို့ မှာယူပေးရသည်ဆိုပါကအင်ဂျင်ပိုင်းတွင် မှာယူခ၏ ၃၀ % ကို အမြတ်အဖြစ်ယူပြီးအခြားအပိုပစ္စည်းများ ဆိုပါက ၁၀% မှ ၂၀% အထိ အမြတ်ရယူလေ့ရှိကြောင်း အပိုပစ္စည်းတင်သွင်းသူများထံမှ သိရသည်။

ယခင်က ကားအမျိုးအစားနှင့်ကားမော်ဒယ်အပေါ် လိုက်၍ ပျက်စီးသည့်အခြေအနေအလိုက် အနည်းဆုံး ၁ လမှ အများဆုံး(၅)လအထိ ကြာမြင့်ခဲ့သော်လည်းယခုအခါ ကားအပို ပစ္စည်းအရောင်းဆိုင်များနှင့် ကားဝပ်ရှော့များမှာ ကားအမျိုးအစားပေါင်းစုံနှင့် ရင်းနှီးလာသည့်အတွက်ကြိုတင်မှာယူမှုများပြုလုပ် လာခြင်း ကြောင့် ကားလာရောက်ပြုပြင် သူများမှာ ယခင်ကထက်ပို၍ အဆင်ပြေလာကြောင်းကိုလည်း သိရသည်။

“အခုဒီမှာဆိုရင် Probox နဲ့ဆိုင်တဲ့ ကားပစ္စည်းတွေ အစုံရှိတယ်၊ ပြီးတော့AD Van တို့ လိုမျိုး တက္ကစီ အသုံးများတဲ့ ကားတွေနဲ့ပတ်သက်ရင် အပိုပစ္စည်းအကုန်ရှိတယ်၊ ရှင်းရှင်း ပြော ရရင် ဒီကားတွေနဲ့ ပတ်သက် လို့တော့ကားအခွံသာရရင် တစ်စီးလုံးတောင် ပြန်ဆင်လို့ရတဲ့အထိ အပိုပစ္စည်းတွေအကုန်ရှိတယ်” ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ ကားဝပ်ရှော့တစ်ခုမှ ကိုအာကာကပြောသည်။

၂၀၁၀ ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံသို့ကားအမျိုးအစားမျိုးစုံဝင်ရောက်လာပြီး ကားနှင့် ဆက်စပ်သည့်အပိုပစ္စည်းများမှာ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းအထိအခက်အခဲ များရှိလာ ကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူ များထံက သိရသည်။

“ဥပမာအားဖြင့် Honda Insight လိုမျိုးတွေ၊ Harrier လိုမျိုးတွေဆိုရင်အင်ဂျင်တွေက တခြားကောင်တွေနဲ့ အစားထိုးဖို့ ခက်တယ်၊ ဟိုကတိုက်ရိုက်မှာရတယ်၊ အစကဆို အင်ဂျင်နဲ့ ပတ်သက်လို့ ပျက်ပြီဆိုရင် အနည်းဆုံး တစ်လတော့ စောင့်ရတယ်၊ အခုဆိုရင်တော့ ရက်ပိုင်းအတွင်းမှာတင် ရတယ်၊ဘာလို့လဲဆိုတော့ Workshop နဲ့ Associates ဆိုင်တိုင်းလို လိုကပြည်တွင်းမှာ ကြိုပြီးတော့ အပိုပစ္စည်းတွေ သွင်းထားကြပြီ” ဟု ဟုရန်ကင်းမြို့ရှိ ကားနှင့်အပိုပစ္စည်းအရောင်းဆိုင်တစ်ခုမှ မဇာခြည်မှပြောသည်။

မြန်မာနိုင်ငံတွင်း ၀င်ရောက်လာသော ကားအမျိုးအစားများတွင် ပြင်ဆင်ရန်အပိုပစ္စည်း ရှားပါးသည့် ကား အမျိုးအစားများတွင် Mazda၊ Harrier ၊ Novaraကဲ့သို့သော ကားများ ပါဝင်ကြောင်းကိုလည်း သိရသည်။

ကားအပိုပစ္စည်းရှားပါးမှုပြသာနာနှင့်ပတ်သက်၍ အများစုမှာ ပြေလည်ကြသည့်အပေါ်၌၀မ်းသာမိသော်လည်း၊ ရောင်းချသည့် သက်ဆိုင်ရာကုမ္ပဏီများမှအရောင်းနှင့်အတူတွဲ၍ ပြုပြင်နိုင်သည့်အခြေအနေအထိရောက်ရှိရန်ကြိုးပမ်းသင့်ကြောင်း ကာပိုင်ရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

“အခုလိုမျိုးတွေ ဖြစ်လာတော့ ကိုယ့်ကားကိုယ် ပြင်ချင်ရင် လွယ်လွယ်ကူကူပြင်လို့ရပြီပေါ့၊ ဒါပေမဲ့ ကျွန်တော်ဖြစ်စေ ချင်တာက သက်ဆိုင်ရာကားကုမ္မဏီတွေက Sale and Service center တွေ ရှိစေချင်တယ်၊ အဲဒါဆိုရင်ကိုယ့်ကားက ဘာပဲပျက်ပျက် အလွယ်တကူ ပိုက်ဆံလည်း သက်သက်သာသာနဲ့ ပြင်လို့ရတာ ပေါ့” ဟု Harrier ကားပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလင်းက ပြောသည်။

၂၀၁၁ခုနှစ် မှ၂၀၁၃ခုနှစ် မတ်လ ၂၅ရက်နေ့အထိ ၁၇လတာကာလအတွင်း အကောက် အခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ ကျသင့်ခွန်များစည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးယာဉ် အစီးရေ ၁၄၈၄စီး ၊ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေးစီမံချက်အတွက် ၆၅၇၁၅စီး ကားအရောင်းပြခန်းများအတွက် ၃၂၃၆၄စီး၊ သင်္ဘောပါမစ်ဖြင့်တင်သွင်းမှု ၂၈၁၈စီး ၊ နိုင်ငံခြား ၀န်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှု ၂၈၆စီး ၊ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှု ၇၂၈စီး၊ ပြင်ပအလုပ်လုပ်သူများပါမစ်ဖြင့်တင်သွင်းမှု ၄၀စီး ၊ ဟိုတယ်ခရီးဝန်ကြီးပါမစ်ဖြင့် တင်သွင်းမှု၁၉၉၆ စီး၊ စစ်သံအမှုတန်းပါမစ်ဖြင့်တင်သွင်းမှု ၁၀၈စီး၊ လွတ်လပ်စွာ ၀ယ်ယူခွင့်ပါမစ်ဖြင့် တင်သွင်းမှု ၄၄၃၄၅စီးရှိပြီဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့