Tuesday, April 23, 2013

ကမ္ဘာ့ရွှေဈေး ပြိုကျမှုမှ ပြည်တွင်းရွှေဈေးကွက် ဝယ်လိုအား လိုက်

ခင်မျိုးသွယ်
ဧပြီလ ၂၂ ရက် ၂၀၁၃ ခုနှစ်

နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ရွှေဈေးများ အရှိန်အဟုန်ဖြင့် အကြီးမားဆုံး ကျဆင်းလာခြင်း မှာ ပြည်တွင်း အခေါက်ရွှေဈေးများကိုလည်း ရိုက်ခတ်မှုရှိခဲ့သည်။

ဧပြီလ ၂၀ ရက်တွင် ပြည်တွင်းရွှေ ၁ ကျပ်သားလျှင် ကျပ် ၇၀၂,၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး နာရီနှင့်အမျှ ပြောင်းလဲခဲ့ ကြောင်း ရန်ကုန် ရွှေကုန်သည်များက ဆိုသည်။

“၁၀ နာရီမှာ ပြည်တွင်းရွှေ ၇၀၅,၀၀၀ ရှိနေပါတယ်။ ၁၁ နာရီမှာ ကျပ် ၇၀၁,၀၀၀ ဖြစ်ပေါ်ပြီး နေ့လည် ၁၂နာရီမှာ ကျပ် ၇၀၂,၀၀၀ ဖြစ်ခဲ့တယ်။ ညနေ ၃နာရီမှာ ကျပ် ၇၀၆,၀၅၀ ဈေးမှာ ရှိနေတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။


သင်္ကြန် မတိုင်မီ ရက်များက ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၅၅၅ ဒေါ်လာတွင် ရှိခဲ့ပြီး ပြည်တွင်း ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၃၉,၅၀၀ ကျပ်တွင် ရှိခဲ့သည်။

ထိုသို့ လက်ရှိ ရွှေပေါက်ဈေးကြောင့် ပြည်တွင်း ရွှေဝယ်လိုသူ များနေကြောင်းလည်း “ဒီရက်တွေက ဘဏ်ပိတ် ရက်တွေ ဖြစ်နေတယ်။ ရွှေဈေး ကြိုက်လို့ ဝယ်ချင်တာနဲ့ နယ်က မိသားစုတွေဆီ ငွေလျမ်းမှာပြီး ဝယ်နေရတယ်။ သိရသလောက် တနင်္လာနေ့မှာ ရွှေဈေး ဆက်ကျနေဦးမယ်ဆိုရင် ဘဏ်က ငွေထုတ်ပြီး ဝယ်ဖို့ ပြင်နေသူ တွေတောင် ရှ်ိနေတယ်” ဟု ကုမ္ပဏီတခုမှ မန်နေဂျာ ကိုရဲသွေး က ဆိုသည်။

ဧပြီ ၂၀ ရက်မှာ စနေနေ့ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၄၀၄ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလ၌ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ရွှေဈေး ပြောင်းလဲမှု အကြီးဆုံး ဖြစ်ပေါ်ခဲ့ကာ မြန်မာ့ ရွှေဈေးကွက် တွင်လည်း ဝယ်လိုအား လိုက်ခဲ့ကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

“၁၅ နှစ်၊ နှစ် ၂၀ အတွင်းမှာ ကမ္ဘာ့ရွှေဈေး ထိုးကျတာ ဒီတခါ အရှိန်အပြင်းဆုံး ပြောင်းလဲမှုကြီး တခု ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးသိန်းဆောင် က ပြောသည်။

“ရန်ကုန် ရွှေဈေးကွက် စအလုပ်လုပ်တဲ့ ဧပြီ ၁၈ ရက်မှာ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁,၃၆၁ ဒေါ်လာ ဖြစ်ခဲ့ပြီး မြန်မာရွှေဈေးက ၁ ကျပ်သား ၆၆၈,၅၀၀ ကျပ် နဲ့ စခဲ့ရပါတယ်။ ရေရှည် အနေအထားမှာ
ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပါ” ဟု ရွှေကုန်သည် ဦးအေး က ဆိုသည်။

ဆိုက်ပရက်စ်ရဲ့ ရိုက်ချက်

ငွေကြေး အကြပ်အတည်းကြောင့် ဆိုက်ပရပ်စ်နိုင်ငံ ဗဟိုဘဏ်မှ IMF-EU ၏ Bailout အစီအစဉ်အရ အပေါင် တင်ထားသည့် ရွှေ ၁၄ တန်အား ထုတ်ရောင်းမည့် သတင်း ထွက်ပေါ်မှုနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ သင်္ကြန် ရက်များမှ စတင်၍ ဈေးနှုန်းများ ထိုးကျခဲ့ခြင်း ဖြစ်သည်။ ယင်းနှင့် ဆက်စပ်၍ ပြည်တွင်း အခေါက်ရွှေဈေး မှာလည်း ကျသင့်သလောက် ကျဆင်းခဲ့သည်ဟု ရွှေကုန်သည်များက ဆိုသည်။

“ဧပြီ ၁၈ ရက်မှာ မြန်မာရွှေဈေးက ညနေပိုင်းမှာ ကျပ် ၆၉၂,၀၀၀ နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဒီနေ့မှာ အရပ်ဝယ်လက် တွေ အများဆုံး ဦးဆောင် ဝယ်ယူခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း၊ ရုံးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းကြောင့် ရွှေဝယ်ယူလိုသူ အရပ်ဝယ်လက်များ ရွှေဈေး အဖွင့်ကို စိတ်ဝင်စားစွာ စောင့်ဆိုင်း ဝယ်ယူခဲ့ကြသည်။

“ဧပြီ ၁၉ ရက်မှာ ပြည်တွင်း အဖွင့်ဈေးက ၁ ကျပ်သားကို ကျပ် ၆၉၅,၀၀၀ ရှိခဲ့တယ်။ ဝယ်လိုအားကြောင့် တနေ့လုံး ဈေးအတက်အကျ မြန်နေတဲ့ အနေအထား ဖြစ်ခဲ့တယ်။ ၁ ကျပ်သားကို ကျပ် ၇၂၀,၀၀၀ အထိ အမြင့်ဆုံး တက်ခဲ့ပြီး ကျပ် ၇၁၀,၀၀၀ အထိ ပြန်ကျခဲ့တယ်။ ညနေ အပိတ်ဈေးက ကျပ် ၇၀၅,၀၀၀ နဲ့ ပိတ်ခဲ့ပါတယ်” ဟု ရွှေကုန်သည် ဦးစံမြင့် က ပြောသည်။

ထိုနေ့ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၃၉၇ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၄၀၄ ဒေါ်လာဖြင့် ရှိနေခဲ့သည်။

သီးခြား ဖြစ်ပေါ်ခဲ့ပုံ

ပုံမှန်အားဖြင့် မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးပေါ် မှီတည် ပြောင်းလဲနေသော်လည်း ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မြန်မာ့ရွှေဈေးမှာ သီးခြားဖြစ်ပေါ်ပြောင်းလဲခဲ့သည် ကို တွေ့ရကြောင်း ရွှေဈေး ကွက် လေ့လာသူများက ဆိုသည်။

“ပြည်တွင်း ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာပေါက်ဈေး တို့အပေါ် တည်မှီဖြစ်ပေါ်တာ များတယ်။ တခါတလေ မှာ ပြည်တွင်း ဝယ်လိုအား၊ ရွှေသား ပေါမှု၊ ရွှေသား ပြတ်လပ်မှုတွေ ပေါ်မှာလည်း မူတည်ပြန် တယ်။ ဒီရက်တွေ မှာ ပြည်တွင်း ရွှေဈေးက ကမ္ဘာ့ဈေးကျသလောက် မကျဘဲ သီးခြား ဖြစ်ပေါ် ပြောင်းလဲနေတာမျိုး တွေ့ရတယ်။ အဓိက ကတော့ အရပ်ဝယ်လက်တွေရဲ့ ဝယ်လိုအားကြောင့် ဈေးကွက်ထဲမှာ ပစ္စည်းပြတ်ပြီး ရွှေဈေးက အကျကို ဆင်းနေတာကနေ အမြင့်ကို ပြန်တက်လာတာ တွေ့ရတယ်” ဟု ရွှေကုန်သည် ဦးအေး က ပြောသည်။

နယ်စပ်ဘက်က ရွှေ ဆက်တိုက် အဝင်ရှိနေ

ပြည်တွင်း ရွှေဈေး ဖြစ်ပေါ်မှုမှာ ကမ္ဘာ့ရွှေဈေး ကျသလောက် မကျခဲ့ခြင်း၊ ပြည်တွင်း ပေါက်ဈေးမှာ ကမ္ဘာ့ဈေးထက် မြင့်နေခြင်းတို့ကြောင့် နယ်စပ်ဘက်က အခေါက်ရွှေများ ဆက်တိုက် ဝင်လာနေသည်။

“ကမ္ဘာ့ရွှေဈေးက သင်္ကြန်တွင်းမှာ အမေရိကန်ဒေါ်လာ ၁,၃၅၀ ကနေ ၁,၃၂၀ လောက်အထိ ထိုးဆင်းခဲ့တဲ့ အတွက် သင်္ကြန်ရက်တွေက စပြီး နယ်စပ်ဘက်က ရွှေတွေ ဆက်တိုက် အဝင်ရှိနေခဲ့တယ်” ဟု ဦးစံမြင့် က ဆက်ပြောဆိုသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့