Thursday, April 25, 2013

ရှမ်း တောင်မြောက်တပ်များမှ နိုင်/ကျဉ်းများ မလွတ်သေး၊ SSNA မှ ၄၀ လွတ်မြောက်လာ

ဖနိဒါ
ဧပြီလ ၂၄ ရက် ၂၀၁၃ ခုနှစ်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်္ဂါနေ့က လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၅၉ ဦးထဲတွင် ရှမ်းလက်နက်ကိုင်အဖွဲ့တခုမှ ၄၀ ဦး ပါဝင်လာသော်လည်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့ဝင် တဦးမှ လွတ်လာခြင်း မရှိသေးကြောင်း ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က ပြောသည်။

“ကျနော်တို့ စိစစ်ကြည့်မိသလောက် မပါဘူးလို့ သိရတယ်။ ကျနော်တို့ စာရင်းပြုစုပြီးတော့ တင်ပြထားပြီးပါပြီ။ ကျနော်တို့ တပ်ဖွဲ့ ထဲကပဲ ဆိုရင်တော့ ၅၀ ကျော်ရှိတယ်။ ခုထိ လွတ်လာတယ်လို့ မကြားသေး ဘူး” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် လက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ၎င်းတို့အဖွဲ့မှ အကျဉ်းကျခံရ သူများအား လွှတ်ပေးရေး ပါဝင်ခဲ့ပြီး လွှတ်ပေးရန် RCSS/SSA အဖွဲ့ဝင်ပေါင်း ၅၀ ကျော်၏ စာရင်းကို တင်ပြထားပြီး ဖြစ်သည်။

၎င်းတို့မှာ ၁၉၉၆-၂၀၁၂ ခုနှစ်များအတွင်းက နိုင်ငံတော် ပုန်ကန်မှုနှင့် မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် အင်းစိန်၊ ပူတာအို၊ ကျိုင်းတုံ စသည့် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည်ဟု ဆိုသည်။

၎င်းတို့ တပ်ဖွဲ့ဝင်များကို လွှတ်ပေးခြင်း မရှိသေးသော်လည်း ယခုကဲ့သို့ အကျဉ်းသားများကို လွှတ်ပေးခြင်းသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အပြုသဘောဆောင်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က ပြောဆိုသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA မှ အဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံထားရမှု ရှိပြီး ၎င်းတို့လည်း ဧပြီလ ၂၃ ရက်နေ့က လွတ်မြောက်လာမှုထဲတွင် ပါဝင်ခြင်း မရှိသေးပေ။

ယမန်နေ့ သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ရှမ်းတိုင်းရင်းသား ၄၀ ဦးသည် ရှမ်းပြည် အမျိုးသား တပ်မတော် SSNA အဖွဲ့ဝင်များ ဖြစ်သည်ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောသည်။

ယခင်က ဘိန်းဘုရင် ခွန်ဆာ၏ မော်ထိုင်း တပ်မတော် (MTA) မှ ခွဲထွက်၍ SSNA ပြန်လည် ဖွဲ့စည်းခဲ့သော ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းကန်းယွက်၏ လက်အောက်ခံ တပ်မဟာ ၁၁ မှ တပ်ဖွဲ့ဝင်များအား ၂၀၀၂ ခုနှစ်က အစိုးရတပ်မှ ဖမ်းဆီး၍ လက်နက်ချစေပြီးနောက် အကန့်အသတ်မရှိ ပစ်ဒဏ်များ ချမှတ်ခဲ့ပြီး ယမန်နေ့က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“(ထိုစဉ်က) ငြိမ်းချမ်းရေး ပျက်ပြားခါစဖြစ်တော့ သူတို့ ရှောင်တခင် တွေ့ကြပြီး တိုက်ပွဲဖြစ်တယ်။ လူအုပ်နဲ့ ဝိုင်းခံရပြီးတော့ လက်နက်ချခိုင်းတယ်။ လက်နက် အပ်ပြီးရင် ပြန်လွတ်ပေးမယ်ပြောလို့ သူတို့က လက်နက် ချလိုက်တယ်။ လားရှိုး စစ်ခုံရုံးမှာ စစ်တယ်။ ဘာမှ ပြန်ဖြေခွင့်မရှိဘဲ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချလိုက်တယ်” ဟု ဦးစိုင်းလိတ် က ပြောပြသည်။

၎င်းတို့မှာသည် လက်နက်ကိုင် တော်လှန်သမားများဖြစ်၍ နိုင်ငံရေး အကျဉ်းသား စာရင်းတွင် ပါဝင်သည်ဟု ဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သော နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ ဥက္ကဌ ဝန်ကြီး ဦးစိုးသိန်းထံ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သော SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က တင်ပြခဲ့သည်ဟု ဦးစိုင်းလိတ် က မဇ္စျိမကို ပြောသည်။

“တချို့သော အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ကျန်နေသေးတယ်။ ဥပမာ အခြား RCSS က ပုဂ္ဂိုလ်တွေ၊ အခြား မြေပေါ် နိုင်ငံရေးပါတီက ကျန်ကောင်းကျန်မယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ကို ဆက်လက်ပြီးတော့ မှ လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

လွတ်မြောက်လာသူများကို SNLD မှ သွားရောက်ကြိုဆိုခဲ့ပြီး နေထိုင် စားသောက်ရေးကို စီစဉ်ပေးနေကာ ယနေ့ နေ့လည်ပိုင်းတွင် ရွှေတိဂုံစေတီကို သွားရောက် ဖူးမြော်ပြီးနောက် ညနေပိုင်းတွင် လားရှိုးမြို့သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၂၅ ရက်နေ့တွင် လားရှိုးမြို့ SNLD ရုံးမှ မိသားစုများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။

လွတ်မြောက်လာသူများမှာ သိန္နီ၊ လားရှိုး၊ နမ့်ပေါင်၊ မိုင်းရယ်၊ တန့်ယန်း စသည့် မြို့နယ်များမှ ဖြစ်ကြပြီး မူလက ၄၅ ဦး ဖမ်းဆီးခံရာမှ အကျဉ်းကျခံရစဉ်အတွင်း နှစ်ဦးမှာ မိမိကိုယ်ကို လုပ်ကြံသေဆုံးခဲ့ပြီး သုံးဦးမှာ ကျန်းမာရေးကြောင့် သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့