Thursday, April 25, 2013

မြန်မာ့ သွင်းကုန်များကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပေးဖွယ်ရှိ

ဧပြီလ ၂၄ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော သွင်းကုန်များအပေါ် အကောက်ခွန် ကောက်ခံနေမှုကို အဆုံးသတ်နိုင်ရေး အတွက် ကုန်သွယ်ရေး ဆက်ဆံမှုများကို အမေရိကန်က ပြန်လည်လေ့လာ သုံးသပ်လျက် ရှိသည်။

အမေရိကန် ခေတ္တကုန်သွယ်ရေး ကိုယ်စားလှယ် ဒီမီထရီရို့စ် မာရန်တစ်စ် (Demetrios Marantis) သည်လည်း ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ရန်ကုန်နှင့် နေပြည်တော်မှ အစိုးရအရာရှိများနှင့် စီးပွါးရေးထိပ်သီး လုပ်ငန်းရှင်များအား တွေ့ဆုံမည်ဖြစ်ဟု ဝါရှင်တန်မှ ပေးပို့သည့် ရိုက်တာ သတင်းတရပ်က ဆိုသည်။

လွန်ခဲ့သော သီတင်းပတ်က မာရန်တစ်စ်၏ အာရှခရီးစဉ် မစတင်မီ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထိုသို့ပြန်လည်လေ့လာသုံးသပ်ရန် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသုံးသပ်မှုအရ မြန်မာနှင့်လာအို နှစ်နိုင်ငံသည် ကုန်သွယ်ရေးအထူးအခွင့်အရေးရ (GSP) အစီအစဉ်တွင် ပါဝင်လာနိုင်မည် ဖြစ်သည်။ ထိုစနစ်အရ နိုင်ငံနှင့်နယ်မြေ ၁၂၈ ခုမှ ကုန်ပစ္စည်း အမည် ၅,၀၀၀ ခန့်အထိကို သွင်းကုန်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိစေမည်ဖြစ်သည်။

GSP စနစ်နှင့် စပ်လျဉ်း၍ စိတ်ဝင်စားကြောင်း မြန်မာနှင့် လာအို အစိုးရများက မကြာမီက ထုတ်ဖော်ပြောကြားခဲ့ သည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဌာနရုံး (USTR)က ပြည်ထောင် စု ပြန်တမ်းအား ကိုးကား၍ ရိုက်တာသတင်းတွင် ရေးသားပါရှိသည်။ ထိုပြန်တမ်းတွင် ဖော်ပြထားချက်အရ လူထု၏ဆန္ဒသဘောထားကို တောင်းခံထားပြီး ဇွန်လဆန်းတွင် ကြားနာမှု ပြုလုပ်ရန် သတ်မှတ် ထားသည်။

ထိုသို့ ပြန်လည်သုံးသပ်ခြင်းကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးအတွက် မြန်မာ အစိုးရကို ကူညီရန် အိုဘားမား အစိုးရ၏ ကြိုးပန်းဆောင်ရွက်မှု တစိတ်တပိုင်း အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရ ဆောင်ရွက်လျက်ရှိသော နိုင်ငံရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းများအပေါ် ဆုချသည့်အနေဖြင့် ကြာမြင့်စွာ ထားရှိခဲ့သော စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို အမေရိကန်နိုင်ငံ က ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ ပို့ကုန် အများစုအပေါ် ပိတ်ဆို့ထားမှုများကိုလည်း ဖြေလျှော့ပေးလိုက်ပြီ ဖြစ်သည်။

အဝတ်အထည်နှင့် အခြားကုန်စည် ဒေါ်လာ ၂၇၅ သန်းဖိုးကို အမေရိကန် နိုင်ငံက သွင်းကုန် ပိတ်ဆို့မှု မပြုလုပ်မီ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည်။ အကန့်အသတ်အများစုကို ဖယ်ရှားပြီးချိန်မှစ၍ လွန်ခဲ့သောလများ အတွင်း မြန်မာနိုင်ငံမှ သွင်းကုန်များကို တတိတတိ တင်သွင်းခဲ့ရာ ဇန်နဝါရီလက ဒေါ်လာတသိန်းဖိုးနှင့် ဖေဖော်ဝါရီလက ဒေါ်လာနှစ်သိန်းဖိုး ရှိခဲ့သည်ဟု ဝါရှင်တန်မှ ပေးပို့သည့် ရိုက်တာ သတင်းတွင် ရေးသားထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့