Wednesday, April 24, 2013

စေတီပုံပါ အထည်စများ ရောင်းချခဲ့သော အထည်ဆိုင် ပိတ်သိမ်းထားရ

ဖိုးစိုးသူ
ဧပြီလ ၂၃ ရက် ၂၀၁၃ ခုနှစ်

ဗုဒ္ဓဘာသာ စေတီပုံပါ ပိတ်ထည်စများ ရောင်းချမိ၍ ရန်ကုန်မြို့၊ မင်္ဂလာဈေး အတွင်းရှိ မေခလာသိန်း အထည်ဆိုင်ကို ဆက်လက်ရောင်းချခြင်း မပြုရဲတော့ဘဲ ပိတ်ထားရကြောင်း အထည်ဆိုင် ပိုင်ရှင် ဦးကျော်လှိုင်သိန်း က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

“ဆိုင်ပိတ်ထားရတယ် အခု အန္တရာယ်ရှိလာပြီ။ ဂျာနယ်တချို့မှာက ထမီစတွေ ထုတ်လုပ် ရောင်းချတဲ့ ပုံစံမျိုးတွေ ရေးလာတဲ့အတွက် ကျနော်တို့ ငယ်ငယ် ကတည်းက ရောင်းလာခဲ့တဲ့ အထည်ဆိုင်ကို ပိတ်ရတဲ့ အဆင့် ရောက်နေပြီ။ ဘာသာရေး စော်ကားတဲ့ အလုပ်မျိုးဘယ်တော့မှ မလုပ်ပါဘူး။ ဒါကြောင့် ဒီပိတ်စတွေဟာ ကျနော်တို့ ထုတ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးတွေဟာ မဟုတ်ပါဘူး” ဟု ဦးကျော်လှိုင်ဦး က ငြင်းဆို။

ဧပြီလ ၁၁ ရက်နေ့က စေတီပုံပါ အထည်စများ ထိုဆိုင်မှ ဝယ်ယူမိသည့် ဇနီးမောင်နှံက တိုင်ကြား၍ အထည်ဆိုင်၊ ဂိုထောင်နှင့် ဆိုင်ရှင်၏ နေအိမ်သို့ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ လာရောက်ရှာဖွေ၍ အထည်များကို သိမ်းဆည်းသွားခဲ့သည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော အထည်စများ ရောင်းချနေသည်ဟု မျက်နှာဖုံးသတင်းအဖြစ် ပါရှိလာပြီးနောက် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် မေခလာသိန်း အထည်ဆိုင်မှ သတင်းမီဒီယာများအား ခေါ်ယူရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

ထိုသို့ ဈေးကွက်များတွင် စေတီပုံပါသော အထည်စများ ရောင်းချမိခြင်းကြောင့် ရှိပြီး ပဋိပက္ခ အခြေအနေများကို ပိုပြီး ကြီးထွားစေနိုင်ကြောင်း နိုင်ငံတော် သံဃာမဟာနာယက၊ ထေရဝါဒ ဓမ္မကွန်ယက် အကြံပေး ရှေ့နေ ဦးအေးပိုင် က ဆိုသည်။

“ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ စေတီပုံ ပါတဲ့ အထည်စတွေက ယောက်ျားလေး ဝတ်တွေလည်း မဟုတ်ဘူး။ မိန်းကလေးတွေ ဝတ်လေ့ရှိတဲ့ ထမီပုံစံမျိုးတွေပဲဖြစ်တယ်။ ဒီဟာတွေကို ရောင်းရမယ်ဆိုပြီး နောက် ကနေ ကြိုးကိုင်တဲ့ အဖွဲ့စည်းတွေ ဘာတွေတော့ မရှိနိုင်ပါဘူး” ဟု ဦးအေးပိုင် က ခန့်မှန်းသည်။

ယင်းဖြစ်စဉ်များနှင့် ပါတ်သက်၍ ရွှေဝါရောင် သံဃာတော်များ ကွန်ယက် ဥက္ကဋ္ဌ ဆရာတော် ဦးပဏ္ဍဝံသ ကလည်း “အချိန်မီလည်း ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ဘာမှလည်း ပြဿနာ မဖြစ်ခဲ့ဘူး။ နောက်ပြီး ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့အရေးအခင်းတုန်းကလည်း ဒီလိုပဲ စေတီပုံတွေ ပါတဲ့ အထည်စတွေ ပေါ်လာခဲ့ဖူးတယ်။ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ပုံတော်တွေရိုက်နှိပ် ထုတ်ဝေတာတွေနဲ့ပါတ်သက်ပြီး ဥပဒေနဲ့ မကိုက်ညီရင် နိုင်ငံတော် သံဃာ့ မဟာ နာယက ကနေ အရေးယူဆောင်ရွက်ပါတယ်။ အခုကိစ္စမှာလည်း ဒီလိုပဲ ဆောင်ရွက် လိမ့်မယ်လို့ ဘုန်းကြီး ထင်တယ်” ဟု ယင်းစာနယ်ဇင်းရှင်းလင်းပွဲတွင် မိန့်ကြား သွားသည်။

လက်ရှိတွင် ဆိုင်ပိုင်ရှင် ဦးကျော်လှိုင်သိန်း အား သာသနာတော် ညှိုးနွမ်းစေမှုအဖြစ် ပုဒ်မ ၂၉၅ ဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ အရေးယူထားပြီး အာမခံ ရရှိထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့