Monday, April 22, 2013

အင်ဒိုနီးရှား သမ္မတ မြန်မာပြည် လာမည်

ဧပြီလ ၁၉ ရက် ၂၀၁၃ ခုနှစ်

အာဆီယံ နိုင်ငံများအတွင်း သြဇာကြီးလှသည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် နေပြည်တော်သို့ ဧပြီလ ၂၃ ရက်နေ့တွင် လာရောက်မည်ဟု ၎င်း၏ရုံးမှ ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံ အဖွဲ့ဝင် စင်္ကာပူခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ကာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ယူဒိုယိုနို၏ သမ္မတရုံး ကြေညာချက်ပါ နိုင်ငံခြားရေး အကြံပေး အရာရှိအား ကိုးကား၍ ဂျာကာတာ ဂလုပ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ အကြံပေးအရာရှိ၏ အဆိုအရ ထိုခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်၊ မေလအတွင်း ဂျာကာတာသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည့် ဦးသိန်းစိန်နှင့် မစ္စတာ ယူဒိုယိုနိုတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOUs) အများအပြား လက်မှတ်ရေးထိုးပွဲသို့ ပါဝင်ကြမည်ဖြစ်သည်။

ဧပြီလဆန်းပိုင်းကလည်း အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး ဦးဆောင်၍ ကုမ္ပဏီ ၁၁ ခုမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်း အလားအလာများကို လာရောက် လေ့လာသွားခဲ့ကြသည်။

နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိလာရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

အင်ဒိုနီးရှား နိုင်ငံပိုင် Bank Negara Indonesia ဘဏ်ခွဲတခု ဖွင့်လှစ်ရန် လေ့လာလျက်ရှိကြပြီး ဒေါ်လာသန်း ၂၀၀ တန် ဘိလပ်မြေ စက်ရုံတရုံကို အင်ဒိုနီးရှား၏ အကြီးမားဆုံး ဘိလပ်မြေ ထုတ်လုပ်သူ PT Semen Indonesia က ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ စတင် ဆောက်လုပ်မည်ဖြစ်သည်။

ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် PT Wijaya Karya (Wika)၊ PT Timah သတ္တုတွင်း ကုမ္ပဏီနှင့် PT Semen Indonesia ဘိလပ်မြေ ကုမ္ပဏီတို့ကြီးက မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လိုင်စင် ရပြီး ဖြစ်သည်။

အင်ဒိုနီးရှားအစိုးရပိုင် Bukit Asam ကျောက်မီးသွေး တူးဖေါ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကြီးဆုံး ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တရုံ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံရန် ရှိသည်ဟုလည်း ဂျာကာတာ ဂလုပ်တွင် ရေးသားသည်။

သမ္မတ ယူဒိုယိုနိုသည် မြန်မာနိုင်ငံမှတဆင့် ဘရူနိုင်းနိုင်ငံသို့လည်း ဆက်လက်သွားရောက်ကာ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အခြား ဒေသတွင်း အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့