Wednesday, April 24, 2013

ရခိုင် နိုင်/ကျဉ်း နှစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

သိန်းလှိုင်
ဧပြီလ ၂၃ ရက် ၂၀၁၃ ခုနှစ်

ရခိုင် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြေသာ ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးတို့ နှစ်ဦးအား ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက အင်းစိန်နှင့် ပခုက္ကူ အကျဉ်းထောင်များမှ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပြန်လွှတ်ပေးလိုက်သောအကျဉ်းသား ၉၃ ဦးတွင် ၎င်းတို့နှစ်ဦး ပါဝင်လာခြင်း ဖြစ်သည်။

“ကျနော်က အင်းစိန်ထောင်က ပြန်လွတ်တာပါ။ ကိုနိုင်စိုးကတော့ ပခုက္ကူထောင်ကနေ ဒီနေ့ လွတ်လာပြီလို့ သိရတယ်။ ကျနော်ကို ချထားတဲ့ ကိုးနှစ်မှာ လျှော့ရက်နဲ့ဆို တနှစ်ခွဲလောက် ထောင်ကြွေး ကျန်သေးတယ်။ လွတ်ခါနီးမှာ ၄၀၁ ကို လက်မှတ်ထိုးခဲ့ရသေးတယ်” ဟု ကိုရဲထက်စိုး က မဇ္ဈိမကို ပြောသည်။

၎င်းတို့နှစ်ဦးအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် ၂၀၀၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ကိုရဲထက်စိုး (မြေပုံ) အား ၁၉၈၈ ခုနှစ်၊ တရားမဝင် အသင်းဖွဲ့ခြင်း ဥပဒေ ပုဒ်မ ၇ အရ ထောင် ၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅ နှစ်နှင့် အီလက် ထရောနစ် ဥပဒေအရ ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ သည်။ အလားတူ ကိုနိုင်စိုး (စစ်တွေ) အားလည်း ၁၉၈၈ ခုနှစ်၊ တရားမဝင် အသင်းဖွဲ့ခြင်း ဥပဒေပုဒ်မ ၇ အရ ထောင် ၃ နှစ်၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅ နှစ်ပါဝင်သည့် စုစုပေါင်းပြစ်ဒဏ် ၈ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ ထောင်အနေအထားက အတော်အသင့်ကောင်းနေတယ် ဆိုပေမယ့် စိတ်မကောင်းစရာက အခုရက်ပိုင်း အင်းစိန်ထောင်ထဲမှာ HIV နဲ့ TB ဝေဒနာရှင်တွေ ဆေးပြတ်နေတယ်ဗျ” ဟု ကိုရဲထက်စိုး က ပြောသည်။

ထောင်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု အနေအထားကို လေ့လာကာ မည်သည့် အနေအထား၌ဖြစ်စေ တိုင်းပြည်အတွက် လူမှုဝန်ထမ်းလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များ အစည်းအရုံး (AASYC) အဖွဲ့ဝင်များအဖြစ် စွပ်စွဲလျက် ရခိုင်လူငယ် ၁၁ ဦးအား ဖမ်းဆီး ၍ ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ ပြစ်ဒဏ်များအသီးသီး ချမှတ်ထားခဲ့ပြီးနောက် ထိုအထဲမှ ၉ ဦးအား ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ရာ ယခုနှစ်ဦးမှာ နောက်ဆုံးမှ ပြန်လွတ်လာသူများ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့