Monday, April 22, 2013

ဒေါ်စုနှင့် ဂျပန်ဝန်ကြီးချုပ် ပညာရေးကိစ္စ ဆွေးနွေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ဧပြီလ ၁၉ ရက် ၂၀၁၃ ခုနှစ်

ဆယ်စုနှစ်အတွင်း လွှမ်းမိုးနိုင်မှု အရှိဆုံးသူဟု Time မဂ္ဂဇင်းကြီးက လတ်တလော ရွေးချယ်ခံခဲ့ရ သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် ခရီးစဉ်အတွင်း ဧပြီလ ၁၈ ရက်နေ့က ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံခဲ့သည်။

အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် လူငယ်များ၏ ပညာရေးသည် အခရာကျကြောင်း ၎င်းတို့နှစ်ဦး သဘောတူညီ ခဲ့ကြသည်ဟု ဂျပန်တိုင်းမ် သတင်းတရပ်က ဖေါ်ပြသည်။

“ဂျပန်ဝန်ကြီးချုပ်ရုံးတွင် ၎င်းတို့နှစ်ဦး ၃၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်အတွင်း မြန်မာနိုင်ငံ၌ ဒီမိုကရေစီ တိုးတက်မှုရှိစေရေး ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုအတွက် ဂျပန်ဝန်ကြီးချုပ်က ချီးကျူး ခဲ့ကြောင်း” ယင်းသတင်း တွင်ဖေါ်ပြခဲ့သည်။

“မြန်မာနိုင်ငံတွင် လူမှုအခြေခံ အဆောက်အအုံ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရက ဖွံ့ဖြိုးရေး အကူအညီများ ဆက်လက်ပေးအပ်မည် ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ကူညီမည်ဟု ဂျပန်ဝန်ကြီး ချုပ်က ကတိပြုခဲ့ကြောင်း” ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဂျပန်အရာရှိ တဦးက ပြောသည်။

အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် စီးပွားရေးအကူအညီပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကို တောင်းဆိုလိုက်သည်။ တိုကျိုတွင် ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ
နှင့် အင်္ဂါနေ့က တွေ့ဆုံစဉ် ထိုသို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“အလုပ်မရှိဘဲ စားဝတ်နေရေးကို လူတွေအဆင်ပြေအောင် လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ဂျပန်အမတ်များ ကို ပြောကြားလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏စကားကို ကိုးကား၍ ကျိုတို သတင်းဌာနတွင်
ဖော်ပြထားသည်။

ဂျပန်အစိုးရ၏ အကူအညီဖြစ်သည့် သန့်ရှင်းသော သောက်ရေသန့်နှင့် လယ်သမားများအတွက် ဆည်ရေလုံခြုံရေး၊ လမ်းများ တည်ဆောက်ခြင်း၊ လျှပ်စစ်မီး ထောက်ပံ့ပေးရေးနှင့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ပေးရန် ဂျပန်အစိုးရအား ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုလိုက်ပြီး ဂျပန်အကူအညီများအား ထိရောက်စွာ အသုံးပြုသွားနိုင်မည်ဟုဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့သည်ဟု ဖော်ပြပါရှိသည်။

သင်္ကြန် အကြိုနေ့ကတည်းက ဂျပန်နိုင်ငံခရီး စတင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်အိမ်ရှေ့မင်းသား နာရူဟီတို (Naruhito)၊ နိုင်ငံခြားရေး ဝန်ကြီး ဖူမီယို ကီရှီဒါး (Fumio Kishida) တို့နှင့် အင်္ဂါနေ့ကပင် တွေ့ဆုံခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအား လွတ်လပ်သော ကုန်သွယ်မှု မိတ်ဖက်နိုင်ငံ အဖြစ် ဂျပန်မှ ပံ့ပိုးပေးမည် ဖြစ်သည်။

သဘောထား တင်းမာမှုသည် မြန်မာနိုင်ငံအား တရုတ်ဘက်သို့ တွန်းပို့သကဲ့သို့ ဖြစ်မည်စိုးသည့် ဂျပန်သည် အခြား ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မတူဘဲ မြန်မာနိုင်ငံအား စစ်အာဏာရှင်တို့ ကြီးစိုးချိန်ကတည်းက ကုန်သွယ်မှု ဆက်ဆံရေးနှင့် ရက်ရောသော အထောက်အပံ့များ ပေးခဲ့သည်။

မြန်မာ အစိုးရ ခေါင်းဆောင်များအား အတိုက်အခံများနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ အသံများကို နားထောင်ပေးရန် ဂျပန်က ညင်သာစွာ ဖိအားပေးသည်။

၂၀၁၁ ခုနှစ်၊ စစ်အုပ်ချုပ်ရေး ကုန်ဆုံးသွားချိန် ကတည်းက မြန်မာနိုင်ငံသည် နို်င်ငံတကာသို့ ဆက်သွယ်ရန် သိသာထင်ရှားသော ကြိုးစားမှုများကို လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာမှ ကုမ္ပဏီများကို အကျိုးအမြတ် ရနိုင်ခြေရှိသော ဈေးကွက်တွင် စတင် လုပ်ဆောင်ရန် ဆွဲဆောင်မှုများ ပြုလုပ်ခဲ့သည်။

အကြွေးယမ်းငွေ ၃၅၀ ဘီလီယံ (ဒေါ်လာ ၃.၆ ဘီလီယံ) ပယ်ဖျက်ပေးလိုက်ခြင်းနှင့် များပြားလှသော အကူအညီ အထောက်အပံ့များ အပါအဝင် တိုကျိုမှ ကျောထောက်နောက်ခံဖြင့် မြန်မာပြည်တွင်း ဂျပန် စီးပွားရေးသည် လန်းဆန်း လျက်ရှိသည်။

အတိုးမဲ့ ချေးငွေများ ပေးမည်ဟုလည်း ကမ်းလှမ်းခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုမည်ဟုလည်း ဂျပန်က ကတိပြုခဲ့သည်။ အထူးသဖြင့် ဂျပန်က သီလဝါ အထူးစီးပွားရေးဇုန်တွင် အများဆုံး ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့