Wednesday, February 11, 2009

အရေးကြီးပြီ သွေးနီးကြပါစို့ (၁) - ဦးအောင်ဆက်ပိုင်

၁၁ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံတလွှား မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ၊ ပြည်သူပြည်သားအပေါင်းတို့နှင့်တကွ၊ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိကြကုန်သော သွေးချင်းညီနောင်အပေါင်းတို့ ခင်ဗျား။

နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိရသမျှ အကုသလ၀ိဘက်နဲ့ အကျိုးပေးနေပါလားလို့ပင် ဆိုရလောက်အောင် ကျနော်တို့ နိုင်ငံအရေး၊ ဘာသာအရေး၊ တိုင်းရင်းသား ပြည်သူပြည်သားတွေအရေး ရင်လေးစရာချည်းပါလား လို့ပဲ နှလုံးသွင်းလိုက်ရပါတော့တယ်။ မပြောမပြီးမို့ ကျနော့်အနေနဲ့ မြင်မိသမျှ၊ တွေ့မိသမျှ၊ ကြံမိသမျှ ဖောက်သည်ချလိုက်ပါရစေ။

ယခုတင်ပြမည့် အကြောင်းအရာများသည် ကျနော်၏ ကိုယ်ပိုင်ခံစားချက် ထင်မြင်ယူဆချက်များသာဖြစ်ပြီး မိမိတို့နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ သြော် မြန်မာပြည်အတွက် ရင်လေးနေတာပါလားလို့ သာ မေတ္တာရှေ့ထား နှလုံးသွင်းပေးကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံအတွင်းမှာ အစိုးရကတဖုံ၊ အတိုက်အခံက တသွယ်၊ ရဟန်းရှင်လူ၊ ပြည်သူပြည်သား၊ ၀န်ထမ်း၊ ကျောင်းသားလူငယ်များအဆုံး၊ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများပါမကျန် ကဏ္ဍအသီးသီးမှာ ပြဿနာပေါင်းစုံ ဒုက္ခမျိုးစုံနဲ့ ချာချာလည်နေကြတာကို သတိထားမိကြမှာပါ။ ဒါ့အပြင် ပြည်ပရောက် အတိုက်အခံများနဲ့ မြန်မာပြည်သားတွေရဲ့ အရေးကလည်း ရင်မအေးဖွယ်ပါ။

ကဏ္ဍအသီးသီးကနေ ခေါင်းဆောင်အသီးသီး၊ ပုဂ္ဂိုလ်အသီးသီးက မိမိတို့အမြင်အရ လုပ်ကြကိုင်ကြ၊ ဆွေး နွေးငြင်းခုံကြ၊ အလုပ်လုပ်ကြနဲ့ ရှိနေကြတာမို့ ကျနော့်အနေနဲ့ ၀င်ရောက်မဆွေးနွေးလိုပါ။ တိုင်းပြည်တွက် ဆိုရင် ရိုးသားကြပါလို့ပဲ အရင်းခံစိတ်ထားနဲ့ အကြံပေးပါရစေ။ ကျနော်တင်ပြလိုတာကတော့ အခြေခံအားဖြင့် အများသတိမထားမိတဲ့ အကယ်၍ သတိထားမိခဲ့ရင်လည်း မဆွေးနွေးဖြစ်တဲ့ အကြောင်းအရာလေးတွေကို မြန်မာပြည်အရေးတင်ပြရင်း အများသူငါ ၀ိုင်းဝန်းဆင်ခြင်သုံးသပ်ပြီး အမိပြည်အတွက် အလုပ်လုပ်နိုင်ကြဖို့ ပါ။

ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေကို လက်ရှိအုပ်ချုပ်နေတဲ့ နအဖအစိုးရတက်လာပြီးနောက် ထုတ်ပြန်ကြေ ညာခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ပဲ စဉ်းစားကြည့်ရအောင်ပါ။ တကယ်တော့ ဒီအချက် (၃) ချက်ဟာ မြန်မာ ပြည် လွတ်လပ်ရေးရပြီဆိုကတည်းက တိုင်းပြည်မှာ အဓိကကိုင်စွဲခဲ့တဲ့မူတွေပါ။ ဒီအချက်ကို ယခု အန်အယ်လ်ဒီဥက္ကဋ္ဌ အန်ကယ်ဦးအောင်ရွှေနဲ့တကွ မျိုးချစ်ရဲဘော်ဟောင်းများအပါအ၀င် သခင်သိန်းဖေနဲ့ ၀ါရင့် နိုင်ငံရေးသမားများအားလုံး သိရှိလက်ခံကြပါတယ်။ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒီအချက် (၃) ချက်ဟာ ဘယ်အစိုးရ တက်လာလာ မလွဲမသွေ လက်ကိုင်ပြုရမယ့် အချက်တွေပါ။

ဒီအချက်တွေကို အုပ်ချုပ်သူအစိုးရဖြစ်နေတဲ့ နအဖတဖြစ်လဲ ယခင် န၀တအနေနဲ့ ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နေပါသလဲ၊ ဆောင်ရွက်ပြီးပါပြီလဲ။ မေးခွန်းထုတ် ဆန်းစစ်ကြည့်ရအောင်ပါ။

ကျနော်တို့နိုင်ငံဟာ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း (၁၃၅) မျိုး စုဝေး လျက် ဥမကွဲ သိုက်မပျက် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြတာ အံ့သြစရာပါ။ တကယ်တော့ အချင်းချင်း လေးစားယုံကြည်မှု၊ တန်ဖိုးထားမှု၊ ရိုင်းပင်းကူညီမှု၊ သစ္စာစောင့်သိမှု၊ အရေးကြီးရင် သွေးနီးမှု စတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေကောင်းတွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့လို့သာ ဒီနေ့ ဒီအချိန်ထိတိုင်အောင် မြန်မာနိုင်ငံရယ်လို့ ၀င့်ဝင့်ကြွားကြွား ရပ်တည်နိုင်ခဲ့ကြပြီး ကျနော်တို့အနေနဲ့ ဂုဏ်ယူရမှာပါ။

တဖက်မှာလည်း များပြားလှတဲ့ သမိုင်းနောက်ခံတွေ ရှိတဲ့အတွက် အငြင်းပွားစရာတွေ အများအပြား ပေါ် ပေါက်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးစားခဲ့မှုဖြစ်ရပ်တွေဟာ သင်ခန်းစာယူစရာတွေ တပုံတပင်ပါ။ ကျနော့်အနေနဲ့ ပညာရှင်မဟုတ်သလို ခေါင်းဆောင်လည်းမဟုတ်၊ ရွေးချယ်ခံကိုယ်စားလှယ်လည်း မဟုတ်တဲ့အတွက် အကျယ် မဆွေးနွေးလိုပါ။

ဒီတော့ ပထမ (၂) ချက်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ အချက်ကနေစပြီး စဉ်းစားကြည့်ရအောင်ပါ။ ဒီကနေ့ နိုင်ငံတော်ရဲ့အာဏာကို တပ်မတော်က ရယူထားပါ တယ်။ ရှင်းရှင်းပြောရရင်တော့ လက်နက်ကိုင် အုပ်ချုပ်နေတယ်လို့ ဆိုရမှာပါ။ န၀တလက်ထက်မှာ ၁၉၈၉ ခုနှစ် သြဂုတ်မှာ ကိုးကန့်၊ ၀ တို့နဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ပါတယ်။ ၀ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ကကလှမ်း ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံဆွေးနွေးပွဲစတင်ပြီးနောက် ထိုစဉ်က အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဟိုဟန်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ ၀ ဘက်က တောင်းဆိုချက်တွေအရ တိုင်းရင်းအရေး၊ ပြည်နယ်အရေးတွေ ပါဝင်နေတဲ့အတွက် ဗိုလ်ချုပ် ခင်ညွန့်နဲ့ ပြန်လည်ပြောဆိုရာမှာ နိုင်ငံရေးဆုံးဖြတ်ချက်များ ပါဝင်နေတဲ့အတွက် သူ့အနေနဲ့ရော၊ သူ့အစိုးရ အနေနဲ့ရော မဆုံးဖြတ်နိုင်ကြောင်း၊ န၀တအဖွဲ့သည်လည်း အာဏာကို ခေတ္တခဏ ထိန်းသိမ်းထားရခြင်း သာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ၁၉၉၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအရ တက်ရောက်လာမည့် အစိုးရအဖွဲ့ ကို မိမိကိုယ်တိုင် ယခု ၀ အဖွဲ့မှ တင်ပြတောင်းဆိုချက်များကို ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ကတိ စကား ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နှစ်ဖက်စလုံးမှ ဗွီဒီယိုမှတ်တမ်းတင်ခဲ့ကြပြီး ဝ အဖွဲ့အနေဖြင့် (၄) နှစ် စောင့်ဆိုင်းမည် ဖြစ် ကြောင်းနှင့် တောင်းဆိုချက်များ မရရှိပါက လမ်းခွဲရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ကျနော် အဓိက ထောက်ပြပြောဆိုလိုတာက န၀တအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်များကို သူတို့အနေနဲ့ ဆုံးဖြတ်ခွင့် မရှိကြောင်းနဲ့ ဒီအချက်ကို ဗိုလ်ချုပ်ခင်ညွန့်လို ထိပ်တန်းပုဂ္ဂိုလ်တယောက်က နားလည်သိရှိထားကြောင်း တင်ပြလိုတာပါ။ တဖက်က ကြည့်ရင်လည်း ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ သမိုင်းတရားခံဖြစ်ရမယ့် အရေးကနေ ပါးပါးနပ်နပ် ရှောင်ရှားသွားတာလို့လည်း မြင်မိပါတယ်။

ဒါပေမယ့် အခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှာ အထူးဒေသ (၂) ၀ ငြိမ်းချမ်းရေးအဖွဲ့ကနေ မြန်မာနိုင်ငံ တော် ၀ ပြည်နယ်အစိုးရ အထူးအုပ်ချုပ်ရေးဒေသဆိုတဲ့ ကြေညာချက် ထုတ်ပြန်တာ ကြားသိလိုက်ရပါ တယ်။ နအဖအနေနဲ့ တုံ့ပြန်မှုတစုံတရာ မတွေ့ရသလို တဖက်ကလည်း ကြိုတင်သဘောတူ၊ ခွင့်ပြုချက်များ ပေးခဲ့လေသလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်ခဲ့ရပါသလဲ။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးများရဲ့အရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စဆိုတာ အငြင်းပွားဖွယ်မရှိပါ။ ဒါပေ မယ့် လက်ရှိအစိုးရမှာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မရှိသလို ဒီနေ့ သူတို့အခေါ် တိုင်းရင်းသားခေါင်းဆောင် များလို့ နအဖက သတ်မှတ်ပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းခေါင်းဆောင်များမှာလည်း လုပ်ပိုင်ဆုံးဖြတ် ခွင့် မရှိလို့ဘဲ ကျနော့်အနေနဲ့ နားလည်မိပါတယ်။

ဘာလို့လဲဆိုတော့ နအဖရော၊ ငြိမ်းချမ်းရေးအဖွဲ့များရော လက်နက်ကိုင်ပြီး တက်လာကြလို့ပါ။ ဆက်လက် ပြီးလည်း လက်နက်ကိုင်ဆောင်ဆဲပါ။ ဒီအချက်ဟာ မှားယွင်းနေတဲ့ အခြေခံအချက်လို့ပဲ ထင်မြင်မိပါတယ်။ ဒီနေရာမှာ ဥပမာတခုတင်ပြရရင် ၁၉၈၉ ခုနှစ် အစောဆုံး ကိုးကန့်အဖွဲ့ ငြိမ်းချမ်းရေး ရယူလာတဲ့အချိန်က ကိုးကန့်ခေါင်းဆောင်ဟာ ဖုန်ကြာရှင်းပါ။ စစ်တိုင်းမှူးက ရန်မိုးလျှံပါ။ နောက်ပိုင်းမှာ ကိုးကန့်ဒေသအတွင်း ကုန်ကြမ်းအထိဆုံး ဒေသခံလူထုရဲ့ သဘောထားက ရန်မိုးလျှံကိုသာ ထောက်ခံခဲ့ကြပြီး ဖုန်ကြာရှင်းကို လူကြိုက်နည်းခဲ့ပါတယ်။ အဲဒီအချိန်က ရန်မိုးလျှံ ကိုယ်တိုင်က သူတို့အနေနဲ့လည်း ကိုးကန့်ဒေသအတွင်းမှာ မဲပုံးထောင်ပြီး ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ယှဉ်ပြိုင်အရွေးခံလိုတဲ့အကြောင်း ကျနော့်ကို ပြောပြခဲ့ဖူးပါ တယ်။ ဒါပေမယ့်လည်း နအဖက ဖုန်ကြာရှင်းကိုသာ ပံ့ပိုးပေးခဲ့ပြီး တားဆီးကန့်သတ်ခဲ့ပါတယ်။ ဒီအချက်ဟာ ဘာကိုပြနေသလဲဆိုတော့ နအဖက လက်ခံအတည်ပြုထားတဲ့ အထူးဒေသ (၁) ခေါင်းဆောင်သည် ဒေသ အတွင်း လူထုအများစုက လက်ခံနိုင်ခြင်း မရှိဘူးဆိုတာကိုပါပဲ၊ အင်မတန်မှ သတိထားဖွယ်ပါ။

ဒါပေမယ့်လည်း နှစ်တွေ အနည်းငယ်ပြောင်းလဲလာပြီးတဲ့နောက် အထူးဒေသများ၏ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်မှုများအား တိုင်းရင်းသားခေါင်းဆောင်များဆိုတဲ့ အသုံးအနှုန်း နဲ့ တဖြည်းဖြည်းချင်း မြန်မာစစ်အစိုးရရဲ့ မီဒီယာများမှတဆင့် ပြောင်းလဲခေါ်ဝေါ်ပုံဖော်သွားတာကို တွေ့ရမှာ ပါ။ တကယ်တော့ နအဖနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အခြေအနေကို “အသွင်တူတော့ လည်း အိမ်သူ” ဖြစ်သွားတယ်လို့ပဲ နားလည်လိုက်ရပါတော့တယ်။

ဒီနေ့အခြေအနေမှာ နအဖအနေနဲ့ ဒီအဖွဲ့အစည်းတွေအပေါ်မှာ ပြတ်ပြတ်သားသား သြဇာသက်ရောက်မှု မရှိ သလို တိုက်ထုတ်ဖို့ရန်လည်း လူထုမထောက်ခံတဲ့အတွက် အင်အားမရှိဖြစ်နေရပါတယ်။ ယခုအတိုင်း ဆက် သွားဖို့ဆိုတာလည်း ဖြစ်လာမယ့် အကျိုးဆက်တွေ ဆက်စပ်သာ တွေးကြည့်ကြပါတော့ခင်ဗျား။ လက်ရှိ ၀ အဖွဲ့အတွင်း အခြေအနေကို လေ့လာကြည့်ရင်း ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသူတဦးဖြစ်တဲ့ ဝေရှောက်ခန်းဟာ တရုတ်နိုင်ငံသားတဦးပါ။ ဒီလိုအခြေအနေမှာ အခုလို ၀အဖွဲ့ရဲ့ တဖက်သတ် အမည်ပေးကြေညာချက်တွေ ထွက်ပေါ်လာခြင်းဟာ ကျနော်တို့ နိုင်ငံအရေး၊ တိုင်းရင်းသားအရေးအတွက် စဉ်းစားသုံးသပ်စရာတွေ ဆက် တိုက် ဖြစ်ပေါ်လာပါတော့တယ်။ ဒီအချက်ကို ကျနော့်အနေနဲ့ နောက်ပိုင်း ဆက်လက်တင်ပြမယ့် အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့အပိုင်းမှာ ဆက်လက်ဆွေးနွေးတင်ပြပါ့မယ်။ တကယ်တော့ ဒီလိုပါပဲ။ အခြားအခြားသော ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေအကြားမှာလည်း အငြင်းပွားနေကြတာတွေ အများအပြား ပါ။

နောက်တချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်သမ္မတနိုင်ငံရယ်လို့ ကြေညာခဲ့တာ သတိထားမိပါတယ်။ အလားတူ အဖြစ်အပျက်များလည်း ၁၉၆၀ ခုနှစ်အကျော်မှာ ဖြစ်ပျက်ခဲ့ ဖူးပါသေးတယ်။ ဒီလိုကိစ္စများသည် တိုင်းရင်းသားများအနေနဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်ပွဲဝင်တယ် လို့ ယူဆစရာရှိပေမယ့်လည်း တဖက်မှာ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးပေးမှုတွေ အများအပြား ပါဝင်နေပါ တယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးထက် တခြားတိုင်းပြည်၊ တခြားလူမျိုးကို ပိုချစ် သူရယ်လို့ မရှိပါဘူး။

ဗုဒ္ဓဟောကြားချက်အရ ပြောရရင် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါလို့တောင် ဆုံးမထားပါ တယ်။ ဒါဟာ မပြောင်းလဲတဲ့ သဘာဝတရားတခုပါ။ ကျနော်တို့ နားလည်ထားရမှာက တကယ်တော့ အကူ အညီ ပေးလာသူတွေမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိပါတယ်။ ကိုယ်ပိုင် Route Map တွေ ရှိနေကြပါတယ်။ ကိုယ့်အတွက်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။ အနောက်နိုင်ငံများရော၊ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံတို့ရော သူတို့အကျိုးအတွက် သူတို့ ဆောင်ရွက်နေကြတာပါ။

ယခုနှစ်ပိုင်းတွေအတွင်းမှာလည်း သတိထားစရာ နောက်တချက် ပေါ်လာတာကတော့ အင်္ဂလန်နဲ့ အမေရိ ကန်နိုင်ငံမှာ မြန်မာနိုင်ငံသား တိုင်းရင်းသူ (၂) ဦးကို တနိုင်ငံစီကနေ တဦးစီကို နိုင်ငံရေးစင်မြင့်ပေါ်ကို တွန်းတင်ပွဲထုတ်နေတာ တွေ့ရတဲ့အတွက် သွေးရိုးသားရိုးမှ ဟုတ်ပါလေစလို့လည်း တွေးနေမိပါတယ်။ ကျနော့်အတွေးက သူတို့နှစ်ဦးရဲ နောက်ခံ Back Ground၊ ရပ်တည်နေတဲ့ အဖွဲ့အစည်း၊ သက်ဆိုင်ရာ နိုင်ငံ တွေရဲ့ စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီး စိုးရိမ်မိတာပါ။ မြန်မာပြည်ရဲ့ အရှေ့ဘက် ခြမ်း တကြောအတွက်တော့ ရင်လေးနေမိပါတယ်။

တဖက်မှာလည်း နအဖအနေနဲ့က ရေရှည်အတွက် စဉ်းစားတာထက် လတ်တလောအခြေအနေများအပေါ် ထွက်ပေါက်ရှာပြီး ဖြေရှင်းသွားရင်း ဆေးမြီးတိုနဲ့ကုနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်နေတဲ့အတွက် စိတ်လေးနေရတာပါ။ တကယ်တော့ သူကိုယ်တိုင်လည်း လူထုနဲ့ တဖြည်းဖြည်းကင်းကွာနေပြီး ယုတ်စွအဆုံး တပ်မတော်သားများကိုပင် မနည်း ပြန်လည်စည်းရုံးနေရတဲ့ အခြေအနေရောက်လို့ မျက်ဖြူဆိုက်နေရပါပြီ။

ဒါကြောင့် ဒီလိုတွေသာ ဆက်သွားနေကြရင်တော့ ကျနော်တို့နိုင်ငံအတွင်းမှာ တိုင်းရင်းသားတွေအချင်းချင်း ၀ါးအစည်းပြေသလို ဖြစ်သွားနိုင်ပြီး အနာဂတ်မှာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ဗိုလ်ကျမှုတွေ ယခုထက် ပိုခံကြရ မှာပါ။ လက်ရှိမှာ ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးမှာ တိုင်းရင်းသားတွေအချင်းချင်းအကြား၊ အဖွဲ့အစည်းပေါင်းစုံ ကွဲပြားပေါ်ပေါက်လာပြီး တဦးနဲ့တဦး ဝေးသထက် ဝေးလာကြတယ်လို့ပဲ ခံစားနေမိပါတယ်၊ ရင်းမအေးဖွယ် တွေပါ။

ဒီတော့ ဒါတွေရဲ့အဖြေကတော့ တိုင်းရင်းသားတွေရဲ့အရေးကို ကိုယ်တွယ်ဖြေရှင်းရာမှာ နအဖအနေနဲ့ရော၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများရော ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ဘဲ ရိုးသားစွာ နားလည် မိပါတယ်။ တကယ်တော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်များနဲ့ ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော်တရပ်အတွင်းမှာသာ ညှိနှိုင်းဆွေးနွေး အဖြေရှာ ဆုံးဖြတ်ကြရမှာပါ။ ဒါမှလည်း သဘာဝ အကျဆုံးဖြစ်သလို အများလည်း လက်ခံနိုင်ပါမယ်။ ရေရှည်မှာလည်း တည်တံ့ခိုင်မြဲနိုင်ပါလိမ့်မယ်။

ဒီတော့ တိုင်းရင်းသား ပြည်သူတရပ်လုံးက မိမိတို့ရဲ့ ရင်သွေးတွေအပါအ၀င် အနာဂတ် နောင်လာနောက် သားတွေ အရေးအတွက် စိတ်ရှည်သည်းညည်းခံပြီး ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီအစိုးရတရပ် ပေါ် ပေါက်ရေးအတွက်ကိုသာ ဦးစားပေးအနေနဲ့ ကိုင်စွဲရပ်တည်ရင်း အဘက်ဘက်က နှစ်ဆတိုးလို့ ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါဟာ ဒို့လုပ်တာမဟုတ်ဘူး နအဖကြောင့်ပဲလို့သာ ထိုင်ပြောနေရင်တော့ သံဃာစင်ပါမှောက်သွားနိုင်ပါ တယ်။ ဘယ်လိုတားဆီးကြမလဲ၊ ဘယ်လို စည်းလုံးညီညွတ်ရေး တည်ဆောက်ကြမလဲ စဉ်းစားစေချင်တာပါ။ သူ့အပြစ်၊ ကိုယ့်အပြစ် ပုံချမနေကြဘဲ တိုင်းပြည်မျက်နှာတခုတည်းသာကြည့်ပြီး အမြန်ဆုံး လက်တွဲ ဆောင် ရွက်ကြဖို့ပဲ လိုပါတယ်။ ကျနော့်အနေနဲ့က တိုင်းပြည်ကို တကယ်ချစ်ရင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား တွေကိုချစ်ရင် မိမိအာဏာတည်မြဲရေးကိုပဲ ဆောင်ရွက်နေတဲ့ အာဏာရရှိရေးကိုပဲ ကြိုးစားနေတဲ့ ဘယ်လို ပုဂ္ဂိုလ်တွေရဲ့ လမ်းစဉ်၊ လမ်းကြောင်းကိုမဆို မြင်အောင်ကြည့် သိအောင်လုပ်ပြီး ရအောင် ၀ိုင်းဝန်းတားဆီး ကြရမှာပါ။ ဒါမှ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရာ ရောက်ပါလိမ့်မယ်။

လောကမှာ ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်နဲ့ ဘုရားရှင်အသိဆုံးပါ။ လူသာဓုခေါ် နတ်သာဓု ခေါ်ဆိုနိုင် အောင်၊ မိမိနာမည်လည်း သမိုင်းကမ္မည်းတင်ကျန်ခဲ့ရလေအောင် ကောင်းတဲ့သမိုင်းကို ရေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ တကယ်တော့ ပြည်ထောင်စုကြီး မပြိုကွဲဖို့အရေးသည် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုရှိဖို့က အထူးအရေးကြီးနေပါတယ်။ အချိန်က အရေးကြီးနေပြီမို့ ဆေးပညာသဘောနဲ့ ပြောရရင် တော့ အသက်ကယ်ဆေးထိုးရမယ့်အချိန်ရောက်နေပါပြီ၊ နှောင့်နှေးနေလို့ မဖြစ်တော့ပါဘူး၊ ဒါကြောင့် ညီညီ ညွတ်ညွတ်နဲ့ အမြန်ဆုံးဆောင်ရွက်ကြပါစို့။



ဦးအောင်ဆက်ပိုင်
REF: ခေတ်ပြိုင်

1 comments:

thitlu February 15, 2009 at 12:54 AM  

Everyone should read this article and consider what the author says. If the current leaders are not able to change their values, behaviors, and attitudes, there should have some people who see the situation, should start changing without waiting who will start.

အပေါ်သို့