Thursday, March 10, 2011

မှတ်မှတ်ရရ ရေတပ်သားဘ၀အစ

ကျနော့ ဇာတိမြို့က မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသ မြို့ကလေးတမြို့ပါ။ မိဘ တွေရဲ့ စီးပွားရေး အခြေအနေ ကတော့ သူလိုကိုယ်လို မရှိမရှား အတန်းအစား ထဲကလို့ ဆိုရမှာပေါ့။ ၁၉၉၃ မှာ ကျနော် ၁၀ တန်းအောင်တဲ့အခါ အဖေ က မကွေးကောလိပ်မှာ ကျောင်းဆက်ထားဖို့ စီစဉ်ပါတယ်။ ဒါပေမယ့် ကျနော်လက်မခံခဲ့ပါဘူး။ မွေးချင်းတွေထဲမှာ ကျနော်က အကြီးဆုံးဆိုတော့ ကျနော့ ပညာရေးအတွက် မိဘမှာ ဆက်ပြီး ၀န်မတက်စေချင်လို့ပါ။

၁၉၉၄ နှစ်ဆန်းပိုင်းမှာတော့ ကျနော့ ဦးလေးနေထိုင်ရာ ရန်ကုန်မြို့ကို အလည် ရောက်လာတယ်။ အဆင်ပြေရင် ရန် ကုန်မှာ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် လည်း ပါပါတယ်။ ဦးလေးက ဌာနဆိုင်ရာ ၀န်ထမ်းတဦး ဖြစ်လေတော့သူ့ဌာနမှာ အလုပ်ရလိုရငြား စုံစမ်းကြည့်ပါသေးတယ်။ အဆင်မပြေပါဘူး။ ၀န်ထမ်းအလုပ်ဆိုတာကလည်း အမြဲတစေ လျှောက်လွှာခေါ်ယူတာ မဟုတ်လေတော့ ခက်တော့ အခက်သား။

တနေ့နေ့လယ်ခင်းမှာ ပျင်းပျင်းရှိတာနဲ့ သတင်းစာတစောင်ကို လှန်လှောကြည့်မိရင်း လျှောက် လွှာခေါ်ယူတဲ့ ကြော်ငြာ တခုကို ဖျတ်ကနဲတွေ့လိုက်မိတယ်။

“တပ်မတော်(ရေ) တွင် အမှုထမ်းရန် တပ်သားသစ် များအလိုရှိသည်” တဲ့။

ကျနော့စိတ်ထဲမှာ ၀မ်းသာသွားမိတယ်။ ညနေပိုင်း ဦးလေးရုံးကပြန်ရောက်လာတဲ့အခါ သတင်းစာပြပြီး တိုင်ပင်ကြည့်တော့ ကြော်ငြာဖတ်ပြီး ဦးလေးစဉ်းစားခန်းဝင်နေတာ တွေ့ရ တယ်။ ခဏကြာမှ“စစ်သားလုပ်ရမယ် ဆိုပေမယ့် ရေတပ်ဆိုတော့ သိပ်မဆိုးဘူး ထင်ရတာပဲ။ သံလျှက်စွန်းရေတပ်မှာ ဦးလေးရဲ့ သူငယ် ချင်းတယောက်ရှိတယ်၊ သူနဲ့ တိုင်ပင်ကြည့် တာပေါ့။”

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း ဦးလေးနဲ့ ကျနော် သံလျှက်စွန်းရေတပ် အိမ်ထောင် သည်လိုင်းကို ရောက်သွား တယ်။ အခန်သင့်ဆိုသလိုပဲ ဦးလေးရဲ့ သူငယ်ချင်း ကို တွေ့ပါတယ်။ သူတို့နှစ်ယောက် စကားပြောလို့ အတန်ကြာတော့ ဦးလေးက လာရင်းကိစ္စက တိုင်ပင်ပါတယ်။


ဒါနဲ့ ရေတပ်ဆရာကြီးက “အေးကွာ စစ်သားတယောက်အနေနဲ့ ပြောရတာတော့ မကောင်းဘူး။ သေသေချာချာ စဉ်းစား ပါအုံး။ စစ်တပ်ဆိုတာ ၀င်ပြီးရင်ထွက်ဖို့ သိပ် မလွယ်ဘူး။ ငါတောင် နှုတ်ထွက်ခွင့်တင်ထားတာ (၃) နှစ်ရှိပြီ၊ ခုထိ အ ကြောင်းမထူး သေးဘူး” လို့ အခြေအနေကို ရှင်းပြပါတယ်။

သို့ပေမယ့်လည်း အပြင်လောကမှာ မရေမရာဖြစ်နေတာကြောင့်ရယ်၊ ကျနော်တို့ အညာ ဒေသမှာ ပင်လယ်ပြင်မမြင်ဖူး တော့ စစ်သင်္ဘောကြီးစီးပြီး ပင်လယ်ပြင် ဖြတ်သန်း ရမှာကို စိတ်ကူးယဉ်မိတာရယ်ကြောင့် ရေတပ်ထဲကိုဝင်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါ တယ်။ ကျနော့ဖက်က သေချာပြီဆိုတော့လည်း ဆရာကြီးကဘာမှ မပြောတော့ဘဲ သူတာဝန်ရှိသမျှ အ ကူအညီပေးပါတယ်။ နောက်တနေ့ ရုံးဖွင့်ရက်မှာ ကျနော့ကို တပ်သားသစ်စုဆောင်းရေးဌာနကို ခေါ်သွားပြီး လျှောက် လွှာပုံစံယူပေးပါတယ်။ နောက်ပြီး စုဆောင်းရေး တာဝန်ခံကိုလည်း ကျနော်ဟာ သူ့တူတော်စပ်ကြောင်း မိတ်ဆက် အပ်နှံပေးပါတယ်။

ဒီလိုနဲ့ သင်္ကြန်ကာလကိုဖြတ်သန်းပြီး ဧပြီ ၂၂ ရက်နေ့မှာ အင်တာဗျူးကိစ္စတွေပြီးလို့ ဆေးကြီးစစ် အောင်တဲ့အခါ စာ ချုပ် ချုပ်ဆိုရပါတယ်။

အဲဒီနေ့မှာ ကျနော့ရဲ့စစ်မှုထမ်းသက်စတယ်လို့ သိရပါတယ်။ စစ်သည်လောင်း တဦး ဖြစ်သွားပြီမို့ ဧရခ အဆောင်တခု ထဲကို ပြောင်းရွှေ့နေထိုင်ရပြီး တပ်ထောက်က ကျွေးတဲ့ ထမင်းကိုစားရ ပါတော့တယ်။ နေ့စဉ် မနက်စောစောအိပ်ယာ ထ လက်ဖက်ရည် ကျဲကျဲလေးသောက် တန်းစီလူစုခွဲပြီး တပ်တွင်း သန့်ရှင်းရေးလုပ်အားပေးရ ပါတယ်။ နေ့လယ် (၁၁) နာရီလောက်မှာ ထမင်းစား၊ ခေတ္တအနားယူပြီးတော့ လုပ်အားပေးလုပ်၊ နေ့လယ် လက်ဖက်ရည်သောက် ညနေ (၅) နာ ရီ ရေချိုး ညစာစား၊ ညဖက်မှာ ဗီဒီယိုကြည့် သူငယ်ချင်း အသစ်တွေနဲ့ စကားဖောင်ဖွဲ့လို့ ပျော်စရာတော့.. အကောင်း သား။

ကျနော်တို့ကို ရအတ (၃၃) မှာ ခေတ္တတွဲဖက်ထားတာဖြစ်ပြီး တပ်မှူးက ဗိုလ်မှူးစိုးသိန်း (နောင်ကာ ကွယ်ရေးဦးစီးချုပ်-ရေ) ဖြစ်ပါတယ်။ သူက ကျနော်တို့ကို ရဲဘော်လေးတွေ ရဲဘော်လေးတွေနဲ့ မြှေက်ပင့်ပြီး ခိုင်းလိုက်တာ သူ့တပ်နောက် က ဧရာမသဲပုံကြီးဟာ အိုဒီ (ရဲဘော်သစ်) တွေရဲ့လုပ်အားနဲ့ ပြောင်တလင်းဖြစ်သွားတယ်။ မိဘအိမ်မှာ လက်ကျော တင်းအောင်မလုပ်ခဲ့တဲ့ ကျနော်တို့တတွေ စစ်ဗိုလ်ကြီးရဲ့ မြှောက်လုံးတွေကြားမှာ အသက်ရှူမှားအောင် လုပ်အားပေးခဲ့ ရတယ်။ ဒါတောင် တချို့ကနောက်တတ်သေးတယ် “စားပြီးအိပ် နေ တပ်မတော် (ရေ) တန်းစီတန်းဖြုတ် လခထုတ်” တဲ့။

မေလထဲက ရက်တရက်မှာတော့ သင်တန်းတက်ဖို့ ကျနော်တို့အုပ်စု ပုသိမ်မြို့ ရလတ (၃၇) ကိုသွားရတယ်။ စစ်ရေ ယာဉ် ဆင်းမင်း၊ စစ်ရေယာဉ် စိန္တာ စစ်သင်္ဘောနှစ်စီးနဲ့ ပို့ပေးတာ။ သင်္ဘောပေါ် မတက်ခင် ဧရခ Jetty မှာ တန်းစီလူ စစ်တော့ စုဆောင်းရေးတာဝန်ခံ ဆရာကြီး မြတ်ဆိုင်ကပြောတယ်၊ အမိန့်သံလိုလို နောက်ပြောင်သံ လိုလိုနဲ့ “ကဲ..ဒီနေ့ကစပြီး မင်းတို့အားလုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၆) လ ကျခံစေ”။

ရုတ်တရက် သူဘာကိုဆိုလိုသလဲ နားမလည်ခဲ့မိဘူး။ သင်တန်းကျောင်းကိုရောက်တော့မှပဲ ကောင်းကောင်း သဘော ပေါက်မိတော့တယ်။

ရန်ကုန် ကနေ ပုသိမ်ကို ညလုံးပေါက် သင်္ဘောစီးပြီးသွားရပါတယ်။ ညအချိန်ဆိုတော့ မြို့တမြို့ကိုရောက်တိုင်း မြင် ကွင်းဆန်းဆန်းလေးတွေကို တွေ့ရမြဲ။ သင်္ဘောဆိပ်လို့ ထင်ရတဲ့နေရာတွေမှာတော့ လူတွေ လှုပ်လှုပ်ရွရွ သွားလာလှုပ် ရှားနေတာကို မြင်ရတယ်။ တချို့မြို့တွေမှာဆိုရင် လျှပ်စစ်မီးမှိန်မှိန်အောက်မှာ ရေနံဆီမီးခွက်လေးတွေနဲ့ ဈေးရောင်း နေကြတာ။ ကျနော့ဘ၀မှာ ရေလမ်းခရီးသွားရတာ ဒီအကြိမ် ပထမဆုံးဖြစ်ပြီး အတွေ့အကြုံသစ်တခုနဲ့ မကြာမီဖြတ်သန်း ရမှာကို တွေးမိတော့ ရင်ထဲမှာလှုပ်ရှားနေပြီး တညလုံးအိပ်မရတော့ပါဘူး။

ပုသိမ်မြို့ကိုရောက်တော့ မနက် (၈) နာရီလောက်ရှိနေပါပြီ။ ရလတ (၃၇) Jetty မှာ သင်တန်းဆရာတွေ လာစောင့်နေ တာ မြင်ရပါတယ်။ Jetty မှာ ရေယာဉ်ကပ်ပြီးတဲ့အခါ ၀ါးစိမ်းတုတ်ကိုယ်စီကိုင်ထားတဲ့ သင်တန်းဆရာနှစ်ယောက် ရေ ယာဉ်ပေါ်တက်လာပြီး

“နှမစောင်းတွေ အားလုံးငြိမ်ငြိမ်နေကြ၊ ပြောတာနားထောင်။ ခုချိန်ကစပြီး လုပ်ဆို တာကိုလုပ် မလုပ်နဲ့ဆိုတာကို လုံးဝ မလုပ်နဲ့၊ ပြောသလိုမလုပ်ရင် ဟောသည်မှာ ကြည့်” ဆိုပြီး

ဝါးစိမ်းတုတ်နဲ့ နီးစပ်ရာသေတ္တာတလုံးကို ဖုန်းကနဲမြည်အောင်ရိုက်ချလိုက်ပါတယ်။ ပြီးတော့ နှစ်ယောက်တတွဲ သေတ္တာ တွေသယ်ထုတ်ပြီး Jetty ပေါ်မှာပုံထားရပါတယ်။ နောက်မှတခါ အိပ်ဆောင်ရှိရာကို သယ်ပို့ရပြန်တယ်။ သေတ္တာအားလုံး အိပ်ဆောင်ထဲ ရောက်သွားတော့ ကျနော်တို့အားလုံး စစ်ရေးပြကွင်းမှာ တန်းစီလူစစ်ဆေး ပါတယ်။ ကျနော်တို့ သင် တန်းကိုမလာခင် (၃၃) တပ်ထောက် ဆရာတွေက တန်းစီညာညှိ အခြေခံသဘော သင်ပေးလိုက်ပါသေးတယ်။ သို့သော်လည်း စစ်ပညာကိုခုမှ စတင်ထိတွေ့ဖူးသူတွေဆိုတော့ စစ်ပုံကျတယ်လို့တော့ မဟုတ်ဖူးပေါ့။ ကျနော်တို့ တန်းစီနေတုန်း မှာ ၀ါးလုံးပိုင်းကိုင်ထားတဲ့ ဆရာနှစ်ယောက် သုံးယောက်က ရှေ့နောက် ၀ဲယာကနေ လိုက်ကြည့်နေပြီး သူတို့စိတ်ထဲမှာဒေါင့်မကျိုးဘူးလို့ ထင်တဲ့သူဆိုရင် ဇက်ပိုးကိုဖြတ်အုပ်တာတို့ နံနှစ်ဖက်ကိုလက်ဖနောင့်နဲ့ ညှပ်ရိုက်တာတို့ လုပ်ပါတယ်။ (ဒီလိုလုပ်တာဟာ ကျနော်တို့ရဲ့ မဟုတ်မခံ လူငယ် စိတ်ဓာတ်ကို တမင်ဦးချိုးလိုက်တာပါ)

ပြီးတော့မှ သင်တန်းမှူး ဆရာကြီးတင်ရွှေ ကို တန်းအပ်ပါတယ်။ ဆရာကြီးတင်ရွှေက ကျနော်တို့ရှေ့မှာ ဟန်ပါပါ ခါး ထောက်ရပ်ပြီး

“မင်းတို့ ရန်ကုန်မှာကတည်းက ငါ့နာမည်ကိုကြားဖူးကြလိမ့်မယ်။ ရေတပ်သင်တန်း ကျောင်းတွေမှာ ချီးပုံး တင်ရွှေ ဆိုရင် မသိတဲ့လူ မရှိဘူး။ အဲဒါ ငါပဲ။ ဒီတော့ ငါပြောချင်တာ မင်းတို့ရဲ့အရပ်ထဲက သောက်ကျင့်တွေကို တပ်ပြင်ခြံစည်းရိုးမှာ ချိတ်ထားခဲ့။ ခုချိန်မှာ မင်းတို့ကို တပ်မတော်က ပိုင်သွားပြီ” လို့အစချီပြီး သင်တန်းမှာ လိုက်နာရမယ့် စည်းကမ်းချက် တွေကို ဖတ်ပြပါတယ်။

နောက်တနေ့ကစပြီး ကျနော်တို့တတွေ အခြေခံစစ်ရေးပြဘာသာရပ်ဖြစ်တဲ့ လက်နက်မဲ့ စစ်ရေးပြဘာသာရပ်ကို စတင် သင်ကြားရပါတယ်။ သင်တန်းကာလတလျောက်လုံး မနက်လေးနာရီခွဲ အိပ်ယာထချိန်ကစပြီး ညမီးပိတ်အိပ်ချိန် (၁၀) နာရီအထိ သင်ခန်းစာ တွေ လုပ်အားပေးတွေနဲ့ အချိန်လုပြီး လှုပ်ရှားရတာပါ။ သင်တန်းမှာအပြေးတက်ပဲ ရှိပါတယ်။ အေးအေးဆေးဆေး လမ်းလျှောက်ရတယ်ဆိုတာ မရှိပါ။ ညပိုင်းမှာတော့ ညနေ (၆) နာရီကနေ နောက်နေ့မနက် (၄) နာရီအထိ တပ်စုလိုက်အလှည့်ကျ ကင်းစောင့်ရ ပါတယ်။

သင်တန်းကာလမှာ တသက်စာအမှတ်ရစေတဲ့ ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ မနက် (၄) နာရီ ခွဲမှာအိပ်ယာ ထရပြီး (၅) နာရီမှာ PT ပြေးရတာဆိုတော့ ကျနော်တို့ အတွက် အပေါ့အလေးသွားဖို့ အချိန် နာရီဝက်ပဲရပါတယ်။ ကျနော်တို့အတွက် ဆောက်ပေးထားတဲ့ အိမ်သာက (၁၀) ယောက်စာ တောက်လျှောက် အိမ်သာပါ။ ဆောင့်ကြောင့် ထိုင်လို့ရရုံ အကွာအဝေးထားကာ ၀ါးလုံးတန်းနှစ်ခုကို အရှည်လိုက် ခင်းထားပြီး အောက်မှာ မြေကျင်းတူးပေးထားပါ တယ်။ လူတယောက်နဲ့တယောက် အကြား ဘာအကာအရံမှမရှိပါ။ အရှက်ကြီးသူတွေအဖို့ အစပိုင်းမှာ အတော့ကို ဒုက္ခ ရောက်ရပါတယ်။ သင်တန်းသားက (၂၀၀) ကျော်ရှိတာမို့ (၁၀) ဦးစာ အိမ်သာတလုံးနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ မနက် အိပ်ယာထချိန်မှာ ပိုပြီးဆိုးပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ ပြဿနာပေါ်ပါတော့တယ်

မနက်ပိုင်းသင်ခန်းစာတွေပြီးလို့ နေ့လည်ထမင်းစား တန်းစီတဲ့အခါ ဆရာတင်ထွဋ်က တပ်စု တစုချင်း အိမ်သာဘေးက ကုက္ကိုပင်ကြီးအောက်ကို ခေါ်သွားစေပါတယ်။ အားလုံးစုံတဲ့ အခါ ကုက္ကိုပင်ခြေရင်းက ဧရာမ မစင်ပုံကြီးကို လက်ညှိုး ထိုးပြပြီး ဘယ်သူ့ လက်ချက်လည်း စစ်မေးတော့ လက်သည်မပေါ်ပါ။ စစ်တပ်ဆိုတာ တယောက်မကောင်း အများ မဟုတ်လား။ သင်တန်းသားအားလုံး ညာလက်ညှိုးနဲ့ တယောက်တကော်ကော် ပြီး ရွှေ့ရပါတော့တယ်။ စစ်သည်နှစ်ရာ ကျော်ရဲ့ လုပ်အားကြောင့် မစင်ပုံကြီးအစအနမရှိအောင် ပျောက်သွားပြီး ၀က်စာပုံးကြီးလည်း ပြည့်လျှံသွားပါတယ်။ (တမင်အကျင့်ယုတ်တာ..ထမင်းစားတဲ့ လက်နဲ့ကော်ခိုင်းပြီး လက်ဆေးခွင့်လည်းမပေးပါ)

မနက်စောစော PT ပြေးချိန်မှာတော့ တပ်မတော်ဆောင်ပုဒ်တွေ တခုပြီးတခု စည်းချက် ညီညီ အသံကုန်ဟစ်ပြီး ဆိုရပါ တယ်။ ဆောင်ပုဒ်ဆိုတာ တိုးလို့ လမ်းဘေးကို ငေးလို့ ဆိုပြီး လူရှေ့သူရှေ့မရှောင် အပြစ်ပေးခံရတာလည်း မနည်းပါ။ မှတ်မှတ်ရရ တခုကတော့ လက်ခုပ်သံတိုးလို့ဆိုပြီး ကတ္တရာလမ်းမျက်နှာပြင်ကို လက်ဖ၀ါးနဲ့ ရိုက်ခိုင်းတယ်။ တကြိမ်နဲ့ မပြီး နှစ်ကြိမ်နဲ့မပြီး။ ကြာတော့ ဒေါသကို မထိန်းနိုင်တော့တဲ့ ရဲဘော်တယောက် ကတ္တရာလမ်းကို အသားကုန်ရိုက်ချ လိုက်တာ လက်ဖ၀ါး ဟက်တက် ကွဲသွားပါလေရော။ ဒါတောင် PT ဆရာက သူ့ကိုအရွဲ့တိုက်တာလို့ အပြစ်တင်လိုက် သေးတယ်။ ရေတပ်မှာက သင်တန်းဆရာ လုပ်ချင်တဲ့သူ အင်မတန်နည်းပါတယ်။ သင်တန်းဆရာဘ၀ကို မကျေနပ်စိတ် ကလည်း သင်တန်းသားတွေဆီကို ရောက်လာတတ်သေးတယ်။

စိတ်လှုပ်ရှားရဆုံး အတွေ့အကြုံတခုကတော့ ခရီးရှည်ချီတက်ခြင်း (LRB) သင်ခန်းစာမှာပါ။ အဲဒီသင်ခန်းစာ လေ့ကျင့် တဲ့အခါ ပုသိမ်မြို့ အနောက်ပိုင်း ချောင်းသာကမ်းခြေဖက်ဆီကို သွားရပါတယ်။ တောင်တွေ တက်လိုက်ဆင်းလိုက်တောလမ်းသွားရလိုက်နဲ့ အတော် ပင်ပန်းပါတယ်။ ခရီးတထောက်နား တဲ့နေရာ ရောက်တော့လည်း ချက်ပြုတ်ရေး နားခို ရေး တာဝန်ကိုယ်စီယူကြရတယ်။ ဒီလိုနဲ့ တနေရာအရောက်မှာတော့ မတ်စောက် နေတဲ့ တောင်ကြီးကိုတက်ရမှာ တုံ့ ဆိုင်းနေကြတယ်။ သူ့ကိုယ်ကြည့် ကိုယ့်သူကြည့် ဘယ်သူစပြီး တက်မှာလည်းပေါ့။

အဲဒီအချိန်မှာ သေနတ်သံတချက်ထွက်ပေါ်လာပြီး လေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူး သန်းအောင် ရဲ့ အမိန့်သံစူးစူးဝါးဝါး ကို လည်း ကြားလိုက်ရတယ်။

“အားလုံးကျားထိုးတက်ကြ”။

ကျနော်နဲ့ မလှမ်းမကမ်းက သူငယ်ချင်းတယာက် မှောက်လျက်ကြီးလဲလို့။ သူ့ဘောင်းဘီ မှာလည်း ချွေးမဟုတ်တဲ့ ရေစီး ကြောင်းကြီး။ နောက်မှ သိကြရတယ်။ သေနတ်ကျည်ဆံက သူ့ပေါင်အောက်တည့်တည့်က ဖြတ်သွားတာကိုး။

အတိုချုပ်ပြောရရင်တော့ ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ (၅) လတာ တပ်သားသစ်အခြေခံ သင်တန်းကြီး အောင်မြင်စွာပြီးဆုံး သွားတယ်ပေါ့ဗျာ။ အရပ်သားစိတ် ဘယ်လောက် ပျောက်သွားပြီလဲ၊ စစ်သားပုံဘယ်လောက် ပေါက်နေပြီလဲ ဆိုတာ တော့ ကိုယ့်ကိုယ်ကို မဝေခွဲတတ်ခဲ့ပါဘူး။ လေ့ကျင့်ရေးဌာနချုပ်ကို ပြန်ရောက်ပြီး ခွင့် (၁၀) ရက်ရတာမို့ မိသားစုရှိရာ ကို အပြေးပြန်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ အမေက ကျနော့ကို အကြာကြီးစိုက်ကြည့်နေပြီး သူ့ပါးပြင်မှာ မျက်ရည်တွေ တလိမ့်လိမ့်စီးကျ လာတာကို မြင်ရတော့ ကျနော် ဘယ်လိုအားတင်းပြီး ဣနြေ္ဒ ဆည်နိုင်တော့မှာလည်းဗျာ…။

နေမင်းသူ

Ref;naytthit

0 comments:

အပေါ်သို့