Thursday, October 13, 2011

မြစ်ဆုံရေကာတာ ခဏရပ်၊ ပေါက်ကွဲတော့မယ့် ဗုံးတလုံး ကော်ဇောနီနဲ့ ဖုံးလိုက်တော့

သန်းဝင်းထွဋ်

October 7, 2011

မြစ်ဆုံနဲ့ တရုတ်-မြန်မာ နိုင်ငံရေးနဲ့ စီးပွားရေး ရှေ့အရေး နဲ့ နောက်အရေး မေးစရာတွေ များလာမယ်။

ဒေါ်လာသန်း ပေါင်း ၃,၆၀၀ တန် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဒီအစိုးရ လက်ထက်မှာ ရပ်ထားမယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အချက်ပြသံဟာ တရုတ်နဲ့ မြန်မာကြားက နိုင်ငံရေးအခင်းအကျင်း အပေးအယူ အသစ်ကို ပြတာလား။ ဒီအစိုးရ သက်တမ်း ၅ နှစ် အတွင်းမှာ ဒီစီမံကိန်းကို ရပ်ထားမယ်လို့ သမ္မတ ပြောစကားဟာ တရုပ်သဘောထားနဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ဆန့်ကျင်နေတယ်။ နအဖ လက်ထက်က တရုတ် မဟာမိတ်ဆက် ဆံရေးမျိုးကနေ တခုခု သွေဖည်လာပုံ ပေါက်ပါတယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတ လက်ထက် ရပ်ထားရုံနဲ့ အဖြေ မထွက်သေးပါဘူး။ “မိမိတို့ အစိုးရလက်ထက်” ဆိုတဲ့ ၅ နှစ်တာ သက်တမ်း အတွင်း မြစ်ဆုံက လက်ရှိ လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ထားဖို့ တရုတ်နဲ့ ဘယ်လို ဆက်ညှိမလဲ။ မြစ်ဆုံ ရေကာတာကို ခဏ ရပ်ထားမယ်ဆိုပြီး ပေါက်ကွဲတော့မယ့် ဗုံးတလုံးကို ကော်ဇောနဲ့ အုပ်လိုက်တယ်။ အန္တရာယ် တကယ်ပဲ မရှိတော့ဘူး တဲ့လား။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကာကွယ်ပေးမယ့် တရုတ်ရဲ့ဗီတိုကို သိပ်အရေးတကြီး မလိုတော့ဘူး၊ ဗီတိုဈေး ကျနေပြီလို့ ဆုံးဖြတ်တာ ဖြစ်နေသလား။ အမေရိကန် ဘက်က အရိပ်အခြည်ကို ကြည့်ပြီး တရုတ်ကို အာခံဖို့ အားစမ်းတာလည်း ဖြစ်ကောင်း ဖြစ်နေမလား။

ဧရာဝတီ မြစ်ဆုံကိစ္စ လူထုကြားမှာ လှုပ်ရှားမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာထက် တရုတ်ဆီက နဂါး မျက်စောင်း ကိုပဲ ရင်ဆိုင် လိုက်တော့မယ်လို့ ရွေးချယ် လိုက်ရတာမျိုး လည်း ဖြစ်နိုင်လား။ ဆက်ဆံရေး သစ်နဲ့ အကဲစမ်းနေတဲ့ အမေရိကန် ကောင်းဘွိုင်တွေက အကာအကွယ် ပေးနိုင် လောက်နေပြီလား။ မေးစရာတွေ ရှိမယ်။

အပြောင်း အလဲကို လိုလားတယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် ပေးထားတဲ့ သမ္မတသစ်ရဲ့ အစိုးရသစ် အနေနဲ့ ပြည်သူလူထု ထောက်ခံမဲ ပိုရအောင် ဒီလို ဆုံးဖြတ်တာရော ဖြစ်နိုင်လား။

ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ တရုပ်ပြည်သွား တောလားမှာ ငိုချင်းသံ ကြားရ မလား၊ ချော့မော့ ဖျောင်းဖျ ချွေးသိပ် ရမလား။ ရင်ထဲ အသည်းထဲက အပြန်အလှန် ယုံကြည်ခဲ့တာ မဟုတ်တဲ့ ခေါင်းကိုင်အဖ သဘောကျပါ့မလား။ မြစ်ဆုံ ပရောဂျက် အစား တခြား အဖိုးထိုက်တဲ့ အရာတခုခု အစားထိုး အလျော် ပြန်ပေးရလေမလား။

လွှတ်တော်မှာ ကြေညာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံကိစ္စ အချက်ပြသံကို တရုတ်က ချက်ချင်း တုံ့ပြန်ခဲ့ရတယ်။ နောက်တရက်မှာပဲ ”တရုတ် ကုမ္ပဏီတွေရဲ့ တရားဝင် အခွင့်အရေးကို အာမခံသင့်တဲ့ အကြောင်း၊ မြစ်ဆုံဆည်ဟာ တရုတ်-မြန်မာ အကြား ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း နှစ်နိုင်ငံ ဆက်လက်လေ့လာ ဆုံးဖြတ်သင့်” ဆိုတာတွေ ပြောရတယ်။ ”နှစ်ဖက်စလုံးက ခင်မင် ရင်းနှီးစွာ အကြံပြု ပြီးတော့ ဒီလုပ်ငန်း ကိစ္စတွေကို သင့်တော်သလို ဆောင်ရွက်ရအောင်” ဆိုတာတွေ နိုင်ငံခြားရေး ဌာနက ထွက်ပြော လာရတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟောင်လီ အောက်တိုဘာလ ၁ ရက်နေ့ စနေနေ့ ပိတ်ရက် ရုံးတက် လိုက်ရတယ်။

လစ်ဗျား မှာလည်း ပြီးခဲ့တဲ့လကပဲ မြန်မာပြည်မှာလို ကြုံခဲ့တယ်။ တရုတ်စီးပွားရေး ဒေါ်လာဘီလီယံ ၂၀ လောက် ရင်းနှီး မြုပ်နှံထားတဲ့ လစ်ဗျား အရေးမှာ တရုတ်ဟာ နာမည်ပျက် သိက္ခာ ကျခဲ့တယ်။ တရုတ်ဟာ ကဒါဖီ ပြုတ်မကျခင်လေးတင် ဇူလိုင်လက လက်နက် ဒေါ်လာ သန်း ၂၀၀ ဖိုး ရောင်းခဲ့တယ်။ လုံခြုံရေး ကောင်စီက တားမြစ်ထားတဲ့ လက်နက် ရောင်းဝယ်မှု ကန့်သတ်တဲ့ ဆုံးဖြတ်ချက် ကိုလည်း ဂရုမစိုက်တော့ဘူး။ ဒါပေမယ့် အပြစ်မဲ့ အရပ်သားတွေကို ကဒါဖီ တိုက်လေယဉ် နဲ့ ဗုံးကျဲလို့ ‘နေတိုး’ ဝင်ရတော့မယ့် အခြေအနေ မှာတော့ တရုတ်ဟာ သိပ်နာမည် ပျက်ခံပြီး ‘ဗီတို’ မသုံးတော့ဘူး။ ဒါပေမယ့် နေတိုးတပ်တွေ ဗုံးကြဲတော့လည်း အပြစ်တင်စကား ပြောပြန်တယ်။ လစ်ဗျား သူပုန်တွေကို မထောက်ခံလို့ အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီက တရုတ် ရင်းနှီးမြုပ်နှံမှု စီးပွားရေးကို ခြိမ်းခြောက် ခံခဲ့ရသေးတယ်။

နောက်ဆုံး ကဒါဖီ ပြုတ်ကျ ထွက်ပြေးရတော့မှပဲ တရုတ်က သူပုန်တွေကို ထောက်ခံ၊ သံခင်းတမန်ခင်း ပြန်စဖို့ လေသံ ပစ်ခဲ့ရတယ်။ သူ့ ရင်းနှီး မြုပ်နှံမှုတွေ၊ အကျိုးစီးပွားတွေ၊ သဘောတူ စာချုပ်တွေကို နောက်အစိုးရ အသိအမှတ်ပြုဖို့ လုံးပန်းခဲ့ရတယ်။ ဒေါ်လာ ဘီလီယံ ၂၀။ ဒါအရေးကြီးတယ်။ မိတ်ဟောင်းကြီး ကဒါဖီလား၊ မေ့ထားလိုက်တော့။ No country for old men!

ဖေဖော်ဝါရီ လတုန်းကလည်း အီဂျစ် အာဏာရှင် မူဘာရက် ပြုတ်ကျခဲ့တဲ့ မတိုင်ခင်ထိ ဆန္ဒပြ ပြည်သူ လူထုကို ဆူပူ ရမ်းကားသူတွေလို့ တရုတ် မီဒီယာတွေက သုံးခဲ့တယ်။ အီဂျစ် သတင်းတွေ ပေါ်မလာအောင် တရုတ် အင်တာနက် ရဲသားတွေ ပိုက်စိပ်တိုက် လုံခြုံရေး အထပ်ထပ် ယူရ။ ပိတ်ရဆို့ရ။ မူဘာရက်လွန်ခေတ် ရောက်တော့လည်း တရုတ် စီးပွားရေးက နောက် အစိုးရနဲ့ ဆက်လုပ်ဖို့ ပေါင်းသင်းဖို့ ကြိုးစားခဲ့ရတာပဲ။ အာဏာရှင်တွေနဲ့ ပုလင်းတူဘူးဆို့ လုပ်နေတဲ့ တရုတ်ဟာ ဆန်စဉ်ရာ ကျည်ပွေ့လိုက် နိုင်ငံရေး ပေါ်လစီမျိုး လုပ်ရပုံ ပေါက်နေတယ်။

စီးပွားရေး နဲ့ အကျိုးအမြတ်ပဲ အဓိကထား ဦးစားပေးကြတဲ့ တရုတ် အစိုးရဟာ ကမ္ဘာ့ အဆိုးရွားဆုံး အာဏာရှင်တွေ ဘက်က ဘက်လိုက် ရပ်တည်တဲ့ မူတွေ၊ ဆက်ဆံရေး တွေ ထားခဲ့ကြတာတွေ အားလုံး တွေ့ခဲ့ကြရတယ်။ အကျိုးစီးပွားအတွက် ဆိုရင် ဆာဘီးယားက အာဏာရှင် စလိုဘိုဒန် မီလိုဆီဗစ်ကို သူ့ရဲ့ အာဏာ နောက်ဆုံးချိန်ထိ ထောက်ခံခဲ့တယ်။ ကမ္ဘာက ပြစ်တင် ဝေဖန်နေတဲ့ကြားက ဇင်ဘာဘွေ သမတ အာဏာရှင် ရောဘတ်မူဂါဘီကို ဘီဂျင်းဆီ ဖိတ်ခေါ် ဧည့်ခံခဲ့တယ်။ ဗင်နီဇွဲလား အာဏာရှင် ဟူဂို ရှာဗက်ဇ်နဲ့ ပလဲနံသင့် ပေါင်းခဲ့တယ်။ ကမ္ဘာ့ ဆွဲငင်အားရဲ့ ဗဟိုချက်ဟာ တရုတ်ပြည်ကို ရောက်လာနေပြီလို့ ဟူဂိုရှာဗက်ကလည်း တရုတ် ပေါလစ်ဗျုရိုတွေကို မြှောက်ပြော ခဲ့တယ်။ လောလောဆယ်တော့ သူတို့ အပြန်အလှန် ကျီးဖြစ်လိုက် ဘုတ်ဖြစ်လိုက်။

ဒီနှစ်အတွင်း အရှေ့အလယ်ပိုင်းက အာရပ်တော်လှန်ရေး တွေကြောင့် အာဏာရှင်တွေ အပြိုင်းအရိုင်း ပြုတ်ကျလာတဲ့ အခါ တရုတ်ရဲ့ မူဝါဒ အကျပ်အတည်း ပိုများလာတယ်။ တရုတ်ဟာ သူ့အမျိုးသား အကျိုးစီးပွား ကိုပဲ ဦးစားပေးတယ်၊ အာဏာရှင်တွေ ဘက်က လိုက်ခဲ့တယ် ဆိုပေမယ့် နိုင်ငံတကာက ပြစ်တင် ရှုတ်ချသံတွေ ပလူပျံလာတဲ့ အခါ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ ကာကွယ်မဲ မပေးတော့ဘဲ လက်ရှောင် ခဲ့ရတာတွေလည်း ရှိခဲ့တယ်။ ဆူဒန်မှာဖြစ်ခဲ့။ လစ်ဗျားမှာဖြစ်ခဲ့တယ်။

တချိန်တည်း မှာပဲ တရုတ်ရဲ့ တပါတီ အာဏာရှင်စနစ်ဟာ အနောက်မော်ဒယ် စီးပွားရေး ပုံစံ အရ အကျိုးဖြစ်ထွန်း နေမယ့် အနောက်ရဲ့ မော်ဒယ် လစ်ဘရယ် ဒီမိုကရေစီ စနစ်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင် နေရတယ်။ အင်တာနက် နည်းပညာရဲ့ လွတ်လပ်မှုဟာ ထိန်းရ ပိုပိုပြီး ခက်လာတယ်။ ပိုက်ဆံရှိလာတဲ့ တရုတ် အလယ်လတ်တန်းစား အလွှာတွေ က လစ်ဘရယ်ဒီမိုကရေစီ ဆန်တဲ့ လွတ်လပ်ခွင့်ကို ပိုပြီး လိုချင်လာနိုင်တယ်။ ဒါကြောင့် အာဏာရှင်တွေနဲ့ မဟာမိတ်သဘော ဆက်ဆံရေး ချိန်ခွင်လျှာလည်း ညှိချင်၊ အမေရိကန် ဩဇာကို ခုခံချေပ အလေးအပေါ့ အကွက်ရွှေ့ချင်ပုံ ပြတယ်။

တရုတ်ဟာ အထီးကျန် ပိတ်ဆို့ခံ အာဏာရှင်တွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ နပ်တယ်။ လစ်ဘရယ် ဒီမိုကရေစီ သမားတွေရဲ့ ချောင်ပိတ် ခံထားရတဲ့ အာဏာရှင်တွေက လည်း သူ့အပေါ် ပိုပြီး မှီခိုလာရတယ်။ ဒါပေမယ့် အာဏာရှင် နိုင်ငံတွေနဲ့ ဆက်ဆံရေးအား လုံးမှာ အကျိုးအမြတ် ရတယ်လို့တော့ မဟုတ်ဘူး။ အကျင့်ပျက် ခြစားမှု ဗရမ်းဗတာဖြစ်နေ တဲ့ အာဏာရှင် နိုင်ငံတွေ၊ အချိန်မရွေး ဇာတ်တူသား စားဖို့ ဝန်မလေး သူတွေနဲ့ ဆက်ဆံရေး ဟာ မီးနဲ့ ကစား နေရသလိုပဲ။ သူလလည်း မနိုင်တော့တဲ့၊ တခုမဟုတ် တခု အမြဲတမ်း ပြဿနာရှာနေတဲ့ မြောက်ကိုရီးယားလို အာဏာရှင်တွေလည်း ရှိတယ်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ တရုတ်ကို အရှက်ရစေခဲ့တာလည်း မနည်းတော့ဘူး။

တဖက်မှာလည်း တရုတ်ဟာ အနီးကပ် တပါတီအာဏာရှင်တွေနဲ့ သိပ်အဆင်ပြေတာ မဟုတ်ဘူး။ သူ့လိုပဲ တလက်ကိုင် အစိုးရ အကျိုးအမြတ် ပဓါနထားတဲ့ ရုရှားဟာ အကျိုးစီးပွားအရာမှာ သူ့ပြိုင်ဘက်လို ဖြစ်လာတယ်။ သူ့လိုပဲ တပါတီ ကွန်မြူနစ် ဗီယက်နမ် နဲ့ မတည့်ဘူး။ တောင်တရုပ်ပင်လယ် ကိစ္စ အငြင်းပွား နေရတယ်။ ရုရှားကလည်း ဂျက်တိုက်လေယဉ်တွေ၊ ရေငုပ် သင်္ဘောတွေ ဗီယက်နမ်ဆီကို ရောင်းပေးထားတယ်။

ဗီယက်နမ်ကလည်း အချိန်မရွေး စစ်ပြင်လာဖို့ အရိပ်ပြတယ်။ ကွန်မြူနစ် အစိုးရဟာ တရုတ် သံရုံးရှေ့မှာ လူထု ဆန္ဒပြပွဲ လုပ်ခိုင်း ထားတယ်။ လူထုကြားမှာလည်း တရုတ် မုန်းတီးရေး ပွားများလာတယ်။ ဗီယက်နမ် အိမ်နီးချင်း ဝါဒတူနိုင်ငံနဲ့ အဲဒီလို ဖြစ်နေပေမယ့် အာဏာရှင် စနစ်ကနေ ပြောင်းလာတဲ့ ပေါ်ထွန်းစ ဒီမိုကရေစီ နိုင်ငံတွေနဲ့လည်း အဆင်ပြေ နေတာတွေ ရှိတယ်။ ဥပမာ၊ အင်ဒိုနီးရှား။ သူတို့ချင်း အပြန်အလှန် လိုချင်နေကြတယ်။

တရုတ်အစိုး ရဟာ လက်တွေ့နိုင်ငံရေး realpolitik ကိုပဲ ကြည့်တဲ့သူတွေလို့ အများက ယူဆခဲ့ကြတယ်။ အာဏာရှင်တွေကို တရုတ်တွေ သတိထား ဆက်ဆံ ခဲ့ကြပေမယ့် ဆိုးကျိုးတွေပါ ရင်ဆိုင် လာနေရတယ်။ မော်စီတုန်းခေတ် နောက်ပိုင်း တရုတ် ပေါ်လစီဟာ အမျိုးသား အကျိုးစီးပွားကို ပိုပြီး ကြည့်လာတယ်။ ပိုက်ဆံရမယ်တရုတ် ရေနံရမယ်၊ လောင်စာရမယ် ဆိုရင် ဘယ်နေရာ ဘယ်နိုင်ငံဖြစ်ဖြစ်၊ ဘယ်ပြည်သူ ဘယ်လောက်နာနာ စာချုပ်တွေချုပ်တယ်။ ကျင့်ဝတ်တွေ၊ အိုင်ဒီယော်လော်ဂျီတွေ၊ အယူဝါဒါတွေကို ဇောင်းမပေးဘူး။ အာရပ်ကမ္ဘာက အပြောင်းအလဲလေကြောင်း တိုက်ခတ်လာတဲ့ နောက်မှာတော့ တရုတ်ဟာ ရှေ့လျှောက် ပိုပြီး မီးစင်ကြည့်က၊ နိုင်ငံရေး ကစားကွက်ကို ထိန်းညှိဖို့ လိုလာနိုင်တယ်။ ပိုက်ဆံ ချမ်းသာပြီးရင် ဂုဏ်သိက္ခာလည်း ချမ်းသာဖို့ စဉ်းစားရ တော့မယ်။

အာရပ်ကမ္ဘာက အပြောင်းအလဲတွေ နောက်ပိုင်းမှာ အာဏာရှင်တွေနဲ့ တရုတ်ရဲ့ ဆက်ဆံ ရေး မူဝါဒတွေ ပြောင်းလဲ သင့်ပြီလား။ “သတိကြီးကြီးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း နေတယ်၊ တဖြည်းဖြည်း ပြောင်းပါ့မယ်”ဆိုတဲ့ မြန်မာ အစိုးရသစ် ဟာလည်း အရင် ‘နအဖ’ လက်ထက်က ကောင်းမွေဆိုးမွေ ခံရတယ်လို့ ပြောထားတယ်။ ‘နအဖ’လက်ထက်က တရုတ်နဲ့ သဘော တူညီချက်တွေ၊ စာချုပ် စာတမ်းတွေ၊ MOU (နားလည်မှုစာချွန်လွှာ) တွေ အပေါ် နောက်လာမယ့် အစိုးရသစ် တွေက ဘယ်လိုကိုင်တွယ် ပေါ်လစီ ထားမလဲ။
ပြည်တွင်း မှာလည်း တရုတ် ဆန့်ကျင်ရေး စိတ်တွေ ပိုပြိုပီး ထကြွလာနေတာ မြင်နေကြရတဲ့ နောက် ရှေ့လျှောက် တရုတ်နဲ့ စီးပွားရေး သားပေး သမီးယူတွေမှာ ဘယ်လို ဆက်ဆံသင့် ပြီလဲ … မေးခွန်း ထုတ်စရာတွေ ရှိလာပါမယ်။

မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက်၊ ဒီအစိုးရ လက်ထက် ရပ်ထားရုံနဲ့ အဖြေ မထွက်သေးပါ ဘူး။ နောက်ထပ် မေးစရာ မေးခွန်းတွေ ပိုပြီး ထွက်လာတယ် လို့တောင် ဆိုနိုင်တယ်။

Ref: DVB News

0 comments:

အပေါ်သို့