October 10, 2011
တိုင်းကျော်
ပီးခဲ့တဲ့ အောက်တိုဘာ (၃) ရက်နေ့က လားရှိုးမြို့မှာ ဝတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်ရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံပြီး သဘောတူညီချက်တချို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အစိုးရပိုင် သတင်းစာတွေမှာ အချက်အလက်တချို့ ရေးပြထားပေမယ့် အဲဒီမှာ ဖော်ပြမထားတဲ့ တကယ့် အခြေခံအချက်ကတော့ (၃) ချက်ပဲ ရှိပါတယ်။ အဲဒါကတော့ ဝတပ်ဖွဲ့တွေဟာ သူတို့ လက်နက်တွေ သူတို့ ဆက်ကိုင်ထားနိုင်မယ်၊ သူတို့ နိုင်ငံရေးအဖွဲ့အစည်းနဲ့ စစ်ရေးအဖွဲ့အစည်း ဆက်လက် ရပ်တည်ခွင့်ရှိမယ်၊ သူတို့ ၀ နယ်မြေကို သူတို့ဘာသာသူတို့ ဆက်လက် စီမံအုပ်ချုပ်ခွင့်ရမယ် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ အထူးအဆန်း မဟုတ်ပါဘူး။
ဝ တပ်ဖွဲ့အနေနဲ့ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီးခဲ့စဉ် အဲဒီ အချိန်တုန်းက စစ်အစိုးရ နဲ့ ရရှိခဲ့တဲ့ သဘော တူညီချက် အတိုင်းပဲ ဖြစ်ပါတယ်။ သဘောတူညီချက်မှာ ပါတဲ့ အခြားအချက်တွေကတော့ ၀ နယ်ထဲ အစိုးရဝန်ထမ်းတွေ ပြန်ပို့မယ်၊ ၀ နယ်ပြင်ပမှာ ၀ အဖွဲ့အစည်း စီးပွားရေးလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပေးမယ် ဆိုတာပါပဲ။ ခြုံပြီး ပြောရရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စ ဖိအားမပေးခင်က အခြေအနေအတိုင်းပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ထူးခြားချက်အနေနဲ့ ပြောရရင် ၀ တပ်ဖွဲ့ကို ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ပြီး မကြာခင် ပြည်ထောင် စုအစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မြန်ဆန်ဆန် တွေ့ခွင့်ရ၊ မြန်မြန်ဆန်ဆန် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အချက်ဖြစ် ပါ တယ်။ ဒီ အချက်ကိုကြည့်ရင် ဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ တကယ်ပဲ လိုလားနေလို့လား၊ ဒါမှ မဟုတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို တဖွဲ့ကို ပုံစံတမျိုး ဆက်ဆံပြီး ခွဲခြားချေမှုန်းဖို့လား ဆိုတာ မေးစရာ ဖြစ်လာ ပါတယ်။
တကယ်ဆို ဒီထက် အစောပိုင်းကတည်းက ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အစိုးရအဆင့်နဲ့တော့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။ အခြားတဖက်မှာလည်း အစိုးရတပ်တွေအနေနဲ့ ကေအိုင်အေ နယ်ခြေထဲ ချဉ်းနင်းဝင်ရောက်တာ စစ်ရေးအရ ရန်စ ကျူးကျော်တာတွေ လုပ်ပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်ရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့အတိုင်း နိုင်ငံမှာ လက်နက်ကိုင် တပ်မတော်တခုတည်း ရှိရမယ် ဆိုတဲ့ မူနဲ့ပဲ ဆွေးနွေးမယ်။ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ဖိအားပေးတာကို လက်မလွှတ်သေးဘူး ဆိုတဲ့ မူနဲ့ ချဉ်းကပ်ခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေ အလုပ်မဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကေအိုင်အေ တပ်ဖွဲ့တွေရှိတဲ့ နေရာတိုင်းလိုလိုလောက်မှာ တိုက်ပွဲတွေ ဖြစ်နေပါပြီ။ တကယ်တော့ လက်ရှိ ၀ အဖွဲ့ကို ပေးတဲ့ အခွင့်အရေးအတိုင်း ကေအိုင်အေကို ပေးရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိပါဘူး။
အလားတူပါပဲ၊ နိုင်ငံတောင်ဘက် အခြမ်းမှာလည်း ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးလုပ်ဖို့ အမြဲ အသင့်ရှိနေခဲ့တာပါ။ ဆွေးနွေးပွဲတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကြိမ်မှ ငြိမ်းချမ်းရေး မရခဲ့ပါဘူး။ ကေအန်ယူ အဖွဲ့ကိုသာ အစိတ်စိတ် အမြွှာမြွှာပြိုကွဲအောင် ဖြိုခွဲတဲ့ အလုပ်တွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ၀ အဖွဲ့ကို ပေးတဲ့ အခွင့်အရေးအတိုင်း ကိုယ့်လက်နက်ကိုင်တပ်ကို ကိုယ် ထိန်းချုပ်ခွင့်၊ ကိုယ့်နိုင်ငံရေးအဖွဲ့အစည်းနဲ့ ကိုယ်ရပ် တည်ခွင့်၊ ကိုယ့်နယ်မြေကို ကိုယ်စီမံခန့်ခွဲ အုပ်ချုပ်ခွင့် စတာတွေသာ ရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကရင် ပြည်နယ်မှာ သေနတ်သံတွေ တိတ်ဆိတ်နေမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ခုတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာလည်း အရင်ဘယ်တုန်းကနဲ့ မတူအောင် နိုးကြားလာပါပြီ။ တကယ်လို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ဆိုရင် တပ်ပေါင်းစုက တဆင့်သာ လုပ်မယ် ဆိုတဲ့ မူကို ချမှတ် ထားပြီး အစိုးရကိုလည်း ဒီအတိုင်း အကြောင်းပြန်ထားကြပါတယ်။
အရင်တုန်း ကလို တဖွဲ့ချင်း သွေးခွဲချေမှုန်းတာမျိုးကို လက်မခံတော့ဘူး ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ နောက် အရေးကြီးတဲ့ အချက်တချက်ကလည်း ရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ရင် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်ရင် ဝင်ပါပေးမယ် ဆိုတာကို လက်ခံထားကြခြင်းပါ။
တကယ်တော့ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်နေသေးသရွေ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုမှ အကောင်အထည်ဖော် လုပ်ကိုင် နိုင်မှာ မဟုတ်ဘူး ဆိုတာ သမ္မတ ဦးသိန်းစိန်ကရော သူ့ရဲ့ နိုင်ငံရေးအကြံပေး အဖွဲ့တွေကပါ ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့ အစိုးရ တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကရော လက်ရှိ စစ်တပ်တာဝန်ယူထားသူတွေကပါ ဒီလို တကယ်ငြိမ်းချမ်းချင်ရဲ့လားဆိုတာ ပြည်တွင်းပြည်ပ အားလုံးက သံသယ ရှိနေကြပါတယ်။
အကြောင်းက တော့ စစ်အာဏာရှင်တွေဟာ နှစ်ပေါင်း ၅၀ နီးပါး မြန်မာနိုင်ငံကို ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ကြပြီး ပြည်တွင်းစစ် သက်ဆိုးရှည်မှသာ တိုင်းပြည်ကို အုပ်ချုပ်လို့ရမယ် ဆိုတဲ့ အတွေးအခေါ်နဲ့ ပြည်တွင်းစစ်ကို မွေးမြူထားခဲ့လို့ ဖြစ်ပါတယ်။ အခု လည်း အရင်စစ်အာဏာရှင်တွေကပဲ သူတို့ဘာသာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သူတို့ဘာသာသူတို့ စိတ်ကြိုက်ရွေးကောက်ပွဲ လုပ်ပြီး သူတို့ပဲ နေရာအသီးသီးမှာ အာဏာတွေ ဆက်လက်ရယူထားဆဲ ဖြစ်နေပါတယ်။ ဘယ်အရေးပါတဲ့ တနေရာ ကိုမှ အတိုက်အခံ အင်အားစုတွေ၊ အရပ်သားစစ်စစ်တွေကို ပေးထားတာ မရှိသေးပါဘူး။ ဒီ လူတွေကိုလည်း နောက်ကနေ စစ် တပ်က အပြည့်အဝ ထောက်ခံထားဆဲလည်း ဖြစ်ပါတယ်။
လက်ရှိ အစိုးရအနေနဲ့ တိုင်းပြည်ကို တကယ် ဒီမိုကရေစီ လမ်းပေါ်လျှောက်နေပါပြီ ဆိုတာ ပြဖို့ အဓိက အချက် ၂ ချက်ရှိတယ်လို့ ပြည်တွင်းပြည်ပက ဆိုကြပါတယ်။ အဲဒါကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်တွင်းမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ရာမှာလည်း မခက်ပါဘူး။ လက်ရှိ ၀ တပ်ဖွဲ့ကို ပေးတဲ့အခွင့်အရေးအတိုင်း သူတို့တပ်ဖွဲ့၊ သူတို့ အဖွဲ့အစည်း ဆက်လည် တည်ရှိခွင့်ကို အသိအမှတ်ပြု၊ သူတို့ နယ်မြေ သူတို့ စီမံခန့်ခွဲခွင့်ပေး၊ တဖြည်းဖြည်း နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်လိုလား မလိုလား၊ ဒီကိစ္စ ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာ မကြာခင် တွေ့မြင်လာကြရတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Ref: ဒီဗွီဘီ
Monday, October 10, 2011
ဦးသိန်းစိန် အစိုးရ တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စ ဘယ်လို အကောင်အထည်ဖော်နေလဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment