October 10, 2011
နော်နိုရင်း
အသည်းကင်ဆာဝေဒနာခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်းကို ပြန်လွှတ်ပေးဖို့ မိသားစုက မေတ္တာရပ်ခံတဲ့အပေါ် အင်းစိန်ထောင်အာဏာပိုင်တွေက လျစ်လျူရှူလိုက်ပြီး ဆေးကုသ ပေးမယ်ဆိုတဲ့ ကတိစကားကိုလည်း မတည်ဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ထောင်နှစ်၂ဝကျနေတဲ့ ကိုဇော်လင်းထွန်းဟာ ပြီးခဲ့တဲ့တလကျော်ကတည်းက နာမကျန်း ဖြစ်ရာက အပြင်ဆေးရုံထွက်ပြီး ကုသ ရာမှာ အသည်းကင်ဆာနဲ့ အစာအိမ်ရောဂါတွေကြောင့် သုံးလ ကနေ ခြောက်လအတွင်းသာ အသက်ရှင်နိုင်မယ် လို့ ဆရာဝန်က မှတ်ချက်ပေးခဲ့ပါတယ်။
ဒါကြောင့် မိသားစုဝင်တွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ထောင်အာဏာပိုင်ဆီ စာတင်ခဲ့ပါတယ်။ ထောင်ဒဏ် ၁၁ နှစ်ကျန်နေသေးတဲ့အတွက် မလွှတ်ပေးနိုင်သေးဘူးလို့ ထောင် အာဏာပိုင်တွေက တုံ့ပြန်ခဲ့သလို အသည်းအထူးကုဆရာဝန်က ခေတ်မီ ကင်ဆာဆေးစားရင် နောက်ထပ် တနှစ်ကျော်လောက် အသက်ရှင်မယ်လို့ အခုလ ၃ ရက်နေ့က မှတ်ချက်ပေးခဲ့ပါတယ်။
ဆရာဝန်မှတ်ချက်အရ ကုန်ကျစရိတ်ကို ထောင်ကကျခံမယ်လို့ ပြောဆို ပေမယ့် အခုချိန်ထိ ကိုဇော်လင်းထွန်းကို ခေတ်မီကင်ဆာဆေးမပေးသေးဘူးလို့ ကိုဇော်လင်းထွန်းကို စောင့်ရှောက်နေသူ ဦးဌေးက ပြောပါတယ်။
“ပြီးခဲ့တဲ့ တနင်္လာနေ့က နောက်ဆုံးအသည်းအထူးကု ဆရာဝန်ကြီးက သူ့ကို အသည်းကင်ဆာဆေးပေးဖို့ ညွှန်ထားတယ်။ အဲဒီ တုန်းကတော့ အိန္ဒိယဆေးပေါ့။ အသည်းနဲ့
ပတ်သက်တဲ့ဆေး က တနေ့ကို ၇၅၀၀ ကျမယ် အဲဒါကို နေ့တိုင်းစားရမယ်။ အဲဒါကိုစားရင် တနှစ်ကျော်လောက် အနည်းဆုံးရှင်သန်နိုင်တယ်။ အဲလိုမှမဟုတ်ရင် ပုံမှန် သုံးလနဲ့ ခြောက်လအတွင်းမှာပဲ ဆုံးရှုံးနိုင်တယ်လို့ ဆိုတယ်။
“အဲဒီလို ဆေးကျွေးဖို့ကိစ္စကို ကျနော်တို့မိသားစုနဲ့ မေးတယ်။ အဲဒီအချိန်မှာ ထောင်မှူးကရှိတယ်။ ကျနော်တို့ကတော့ အုပ်ထိန်းသူလည်းဖြစ်တော့ ဘာဖြစ်ဖြစ် အကုန်ကျခံရမှာပေါ့။ ဒါပေမယ့် အဲဒီတုန်းက ထောင်မှူးက တာဝန်ယူသွားတယ်။ ထောင်က တာဝန်ယူ ပါမယ် မှာလိုက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဆေးရုံတက်တာ တလနဲ့ ဆယ်ရက်ရှိပြီ ကင်ဆာဆေးက ကုရတဲ့အဆင့်ကို မရောက်သေးဘူး။ ထောင်ဘက်က တာဝန်ယူမယ်ဆိုတာ ထောင်ဘက်က အခုထိ ဘာမှတုံ့ပြန်တာမရှိသေးဘူး။ ဆေးရုံကတော့ ထောင်ကို အကြောင်းကြားပြီးပြီလို့ဆိုပါတယ်။”
လတ်တလောမှာ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်မယ့် သတင်းအပေါ် ကိုဇော်လင်းထွန်း ကလည်း မျှော်လင့်နေတယ်လို့လည်း ဦးဌေးက ပြောပါတယ်။
“သူကလည်း ဆရာဝန်တွေကိုယ်တိုင်က သေမယ်ဆိုတဲ့ကိစ္စပြောထားတယ်။ နောက်ဆုံး ဆေးစားလည်း သေမှာပဲပြောထားတယ်။ စိတ်ဓာတ်တော့ ကျသွားတယ်ပေါ့။ မသေခင်တော့ လူ့သဘာဝ လွတ်ချင်တာပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ပြောတော့ပြောနေတာ လွတ်ဖို့က ဘယ်နေ့မှန်းမသိသေးဘူး ဖြစ်နေတယ် လွတ်ငြိမ်းချမ်းသာခွင့် မျှော်ရင်းနဲ့ပဲ သေမလား၊ သေပြီးတော့မှ လွတ်ငြိမ်း ချမ်းသာခွင့်ရမလား အခြေအနေက အဲလိုဖြစ်နေတယ်။”
ကိုဇော်လင်း ထွန်းဟာ ၂၀၀၃ခု ဗကသ ပြန်လည်ဖွဲ့စည်းရေး လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် ဖမ်းခံရပြီး မတရား အသင်းဆက်သွယ် မှု ပုဒ်မ ၁၇/၁၊ အရေးပေါ်လုံခြုံရေး ဥပဒေ ၅ (ည)၊ လဝက အမှု ၁၃/၁ နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, October 11, 2011
အသည်းကင်ဆာဝေဒနာခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်း ဆေးမရသေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment