October 10, 2011
ထိုင်း – မြန်မာနယ်စပ်တလျှောက်မှာ ကျန်းမာရေးအကူအညီပေးနေတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF (ခေါ်) အစိုးရ
မဟုတ် တဲ့အဖွဲ့တဖွဲ့က အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ကုသနေဆဲလူနာတွေ အခက်တွေ့ နေရတယ်လို့ နယ်စပ်ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။
ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူနဲ့ စံခရပူရီမြို့နယ်ကြားက နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ဆေးခန်းကို စက်တင်ဘာလ ကုန်မှာ ပိတ်လိုက်တဲ့အတွက် ကုသလက်စ လူနာတွေသာမက အဝေးကလာရောက် ကုသနေသူတွေပါ အခက်အခဲကြုံနေရ တယ် လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ကျန်းမာရေးတာဝန်ခံ ဆရာစောဟားရေးမူးက ပြောပါတယ်။
“MSF မရှိတဲ့နောက်ပိုင်းက လူနာတွေက တော်တော်ထိခိုက်တယ်။ အခက်အခဲတွေရှိတယ်။ ARV ဆေးကျတော့ သူ့ထောက်ခံမှုမရတော့ ဆေးမရတော့ဘူး။ အိပ်ခ်ျအိုင်ဗွီ ရှိတဲ့လူအများကြီးဆိုတော့ အချိတ်အဆက်တွေ လုပ်ပေးတာပဲ။ ကျနော်တို့ လူနာကို အထောက်အကူပြုပေးဖို့ မရတော့ လူနာတွေအတွက် အများကြီးရင်လေးတယ်။ လူနာတွေကိုလည်း သနားတယ်။”
ARV ဆေးကို မပြတ်သောက်သုံးနေရတဲ့ HIV ဝေဒနာရှင်တွေအတွက် ဆေးဝါးခက်ခဲသွားပြီး လူနာတွေအားလုံးလိုဟာ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် လက်မှတ်မရှိတဲ့အတွက် ထိုင်းဆေးရုံတွေဆီက အကူအညီရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ထံက ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ အဆုတ်နာရောဂါကုသရေးအကူအညီတွေ ၂ နှစ်ကျော် ရယူခဲ့တဲ့ လွတ်မြောက်နယ်မြေ မွန်အမျိုးသားကျန်းမာရေးကော်မတီကလည်း နယ်စပ်ပြည်သူတွေကျန်းမာရေးအတွက် စိုးရိမ် တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက ကျန်းမာရေး အကူအညီအလှူရှင်တွေကို ထပ်ရှာနေတယ်လို့ မွန်အမျိုးသားကျန်းမာရေးကော်မတီက ပြောခွင့်ရ နိုင်ကျေးမွန်က ပြောပါတယ်။
“တောထဲမှာနေ နေတဲ့လူတွေက များတယ်။ ထိုင်းဘက်မှာ ဆေးခန်းလည်းမရဘူးဆိုတော့ တောဘက်မှာပဲ ကျန်းမာရေးလုပ်သားတွေကိုပဲ သင်တန်းပေးပြီးတော့ ပြည်သူတွေကို ကြည့်ရှုစောင့်ရှောက်နေတယ်။ အဲဒါကြောင့် ကျနော်တို့ ဆေးဝါးထောက်ပံ့မှုတွေကို မရဘူးဆိုရင် ပြည်သူလူထုတွေကို အများကြီး အခက်အခဲကြုံတွေ့နိုင်တယ်။ သူတို့ရဲ့ကျန်းမာရေးအတွက်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ထောက်ပံ့ကူညီနိုင်ဖို့ နိုင်ငံတကာကိုလည်း တောင်းဆိုချင်ပါတယ်။”
MSF ရဲ့စီမံကိန်းတွေ ရပ်ဆိုင်းသွားလို့ နယ်စပ်မှာ စုစုပေါင်း လူဦးရေငါးသောင်းခန့် ရနေတဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီရတော့မှာ မဟုတ်ဘူးလို့ နိုင်ကျေးမွန်က ပြောပါတယ်။
MSF အဖွဲ့ဟာ ထိုင်း – မြန်မာနယ်စပ်တလျှောက်မှာ ငှက်ဖျား၊ တီဘီနဲ့ အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်နဲ့ သားဖွားမီးယပ်ဝေဒနာ သည်တွေကို နှစ် ၃ဝကျော် ကူညီခဲ့တာပါ။ ဒီနောက်ပိုင်းမှာ သူတို့လုပ်ငန်းတွေကို တဖြည်းဖြည်းလျှော့ချခဲ့ရာက နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံ စံခရပူရီနဲ့မြန်မာပြည် ဘုရားသုံးဆူနယ်စပ်ရှိ ကျန်းမာရေးစီမံကိန်းကို ယခုနှစ် စက်တင်ဘာလကုန်က ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, October 11, 2011
ကျန်းမာရေးထောက်ပံ့မှုမရ၍ နယ်စပ်လူနာများ အခက်တွေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment