December 5, 2011
မင်းလွင်
သတင်း စာဆရာနဲ့ ဂျပန်တော်လှန်ရေး လေထီးစစ်သည်ဟောင်း သခင်လှကွန်း အသက် (၉၀) ဟာ မနေ့ မနက် ၆ နာရီက ရန်ကုန်မြို့ မြေနီကုန်း ရန်ကင်းလမ်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
သခင်လှကွန်း ဟာ အိန္ဒိယနိုင်ငံမှာ စစ်သင်တန်းတက်ရောက်အပြီး မြန်မာနိုင်ငံကို လေထီးနဲ့ ပြန်ရောက်ပြီးတော့ ပြောက်ကျားစစ်သည်အဖြစ် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ တောခိုခဲ့ပါတယ်။ သခင်လှကွန်းဟာ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ မွေးစားသားလို့ လူသိများတဲ့သူလည်း ဖြစ်ပါတယ်။
သခင်လှကွန်း ဟာ တောတွင်းမှာရှိနေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လက်ဝဲစာပေတွေကို စံတင့်ရှမ်းပြည်နဲ့ အတူ ဘာသာ ပြန်ဌာနမှာ တာဝန်ခံအဖြစ် လုပ်ခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီက နေ အလင်းဝင်ခဲ့ပြီးနောက်မှာ လုပ်သားပြည်သူနေ့စဉ် သတင်းဌာနမှာ နိုင်ငံခြားသတင်း အယ်ဒီတာ၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဂါဒီယန်းသတင်းစာမှာ ဒုတိယ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ကြေးမုံသတင်းစာတိုက်မှာ အယ်ဒီတာချုပ်အဖြစ်နဲ့ အငြိမ်းစားယူခဲ့တယ်လို့ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ သတင်းစာအယ်ဒီတာ ဦးသန်းအောင်က ပြောပါတယ်။
အင်္ဂလိပ် တော်လှန်ရေး ဂျပန်ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေဟာ အနည်းငယ်ပဲ ကျန်နေကြောင်းနဲ့ အခုလို သခင် လှကွန်း ကွယ်လွန်သွားတဲ့အတွက် အခုဆို ၄ ဦးပဲ ကျန်တော့တယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။
“သခင်သိန်း ဖေအိမ်မှာ အာဇာနည်နေ့တို့၊ လွတ်လပ်ရေးနေ့တို့ ကျင်းပတဲ့အချိန်မှာ သူ့ကို တွေ့ရတယ်။ သူကနေမကောင်းတော့ သိပ်မသွားဘူး။ အဘတို့လည်း ပို့ပေးမယ့်သူမရှိတော့ သိပ်မရောက်ဘူးလေ။ သာရေးနာရေးတွေ ရှိရင်၊ အခမ်းအနားတွေရှိရင် သူလည်းလာပါတယ်။ သိပ်လည်းမရှိတော့ဘူး။ သခင်သိန်းဖေ၊ သခင်တင်မြ၊ သခင်လှကွန်း၊ သခင်ချန်ထွန်း၊ သခင်သိန်းမောင် ဒါပဲရှိတာ။ အခုတယောက်ဆုံးတော့ ၄ ယောက်ပဲကျန်တော့တယ်။”
သခင်လှကွန်းကို ဒီဇင်ဘာလ ၆ ရက်နေ့လယ် ၁၁ နာရီမှာ မီးသင်္ဂြီုဟ်မှာဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, December 6, 2011
ဂျပန်တော်လှန်ရေး လေထီးစစ်သည် သခင်လှကွန်း ကွယ်လွန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment