Thursday, April 19, 2012

အစိုးရထံ လက်နက်ချသွားသူများမှာ ပြည်သူ့စစ်များဟု KIA ပြော

ဖနိဒါ
ဧပြီလ ၁၈ ရက် ၂၀၁၂ ခုနှစ်

မြန်မာအစိုးရထံသို့ လက်နက်ဖြင့် ဝင်ရောက်သွားသူများမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အရပ်သား ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ပါရှိသည့် “ကေအိုင်အေ တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင် ရောက်” ဟူသည့်သတင်းအား KIA မှ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အမြဲတမ်းစစ်သားတွေ မဟုတ်ပါဘူး။ ကျေးရွာအုပ်ချုပ်ရေးနဲ့ တိုက်နယ် အုပ်ချုပ်ရေးဌာနမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ အချင်းချင်း၊ သူတို့ခေါင်းဆောင်နဲ့ သင်္ကြန်ကာလအတွင်းမှာ ခွင့်တောင်းတာကို ခွင့်မရလို့ စကား များကြပြီးတော့ အဲဒီနီးစပ်တဲ့စခန်းကို လက်နက်နဲ့ ဝင်သွားတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္စျိမကို ပြောသည်။


ကြေးမုံသတင်းစာတွင် ဧပြီလ ၁၆ ရက်နေ့က KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်သား ၃၅ ဦးက လက်နက်မျိုးစုံ ၂၃ လက်နှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီးစခန်းသို့လည်းကောင်း၊ ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ကြီးနားတပ် စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် တာလောကြီး တပ်စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင် ငါးဦးကလည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။

“သင်္ကြန်မှာ အထက်ကို ခွင့်တောင်းတဲ့ကိစ္စကို သင်္ကြန်ဆိုပေမယ့် လုံခြုံရေးအရ အခက်အခဲ ရှိတယ်ဆိုပြီးတော့ စကားများကြတယ်။ စကားများတာက တပ်ဖွဲ့မှူးနဲ့ ဖြစ်တယ်လို့ပြောတယ်။ စကားများပြီး အဲဒီအဖွဲ့က နီးစပ်ရာစခန်းကို ဝင်သွားတာပါ။ ကျနော်တို့ အဲဒီ တပ်ဖွဲ့မှူးကို ရှာနေတာ သူကလည်း သူ့တပ်တွေ အဲဒီလို ဖြစ်တော့ စိုးရိမ်ပြီးတော့ ရှောင်နေတာနဲ့ ကျနော်တို့ ရှာလို့ မရသေးဘူး”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က ဆက်ပြောသည်။

KIO တွင် မြို့နယ်အဆင့် လက်အောက် ကျေးရွာအလိုက် ပြည်သူ့စစ်အင်အား ၄ သောင်းနီးပါး ဖွဲ့စည်းထားရှိသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့များ အစိုးရတပ်များသို့ ဝင်ရောက်သွားခြင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်း အုပ်ချုပ်မှု အားနည်းနေခြင်း ကြောင့် ဖြစ်ပြီး အဆိုပါ ပြဿနာအား သက်ဆိုင်ရာတပ်ဖွဲ့များ စုံစမ်းရန် တာဝန်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

KIA တပ်မဟာ ၂၊ ၃၊ ၄၊ ၅ နယ်မြေများတွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်ဟု KIA က ဆိုသည်။ အစိုးရဘက်မှ KIA တပ်မဟာ ၂ နယ်မြေအတွင်း ပြီးခဲ့သည့် သင်္ကြန်ရက်များအတွင်း စစ်ကိုင်းတိုင်း အခြေစိုက် နမခ မှ အနည်းဆုံး တပ်ရင်း ၃ ရင်း ခန့်က ချင်းတွင်းမြစ်မှ ဝင်ရောက်လာနေသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“တိုက်ပွဲက အရင်လောက် မဖြစ်ဘူး။ ဒါပေမယ့် တပ်လှုပ်ရှားမှုတွေ များလာပြီးတော့ အခုက စစ်ကိုင်းတိုင်း နမခ တပ်တွေက ကျနော်တို့ တပ်မဟာ ၂ ဂွင်ထဲကို ဝင်လာတာ ရှိတယ်။ ချင်းတွင်းမြစ် အထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ခန္တီးအထက် တနိုင်းမြို့ရဲ့ အောက် ဘက်မှာ ဗျူဟာအလိုက် ဝင်လာတာပါ။ ချင်းတွင်းမြစ်ကြောင်းကနေ ကားနဲ့ရော စစ်လှေတွေနဲ့ ဝင်လာတယ်”ဟု သူက ပြောသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ပုံစံမဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေးကိုသာ ဖော်ဆောင်ရန် အတွက် ဖိအား ပေးခြင်း ဖြစ်သည်ဟု KIO က ယူဆနေသည်။ ယနေ့ထိ အစိုရး၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဘက်မှ ထပ်မံ ဆွေးနွေးရန် အ ကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံသတင်းစာတွင်မူ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နှင့် ကေအိုင်အို/ ကေအိုင်အေတို့ အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအိုင် အို/ကေအိုင်အေတို့အကြား ကေအိုင်အို/ကေအိုင်အေဘက်မှ တောင်းဆို သည့်အတိုင်း ရွှေလီမြို့တွင် သုံးကြိမ်တိုင်တိုင် တွေ့ဆုံ၍ ထာဝ ရငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

သို့သော် ထာဝရငြိမ်းချမ်းရေး အလှမ်းကွာဝေးနေရသည်မှာ “တဖက်သတ် သဘောထားအမြင် တင်းမာကြသည့် ကေအိုင်အို/ ကေအိုင် အေ ခေါင်းဆောင်ပိုင်းအချို့ကြောင့်” ဟု ကြေးမုံသတင်းစာတွင် ရေးသားဖော်ပြထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့