Wednesday, September 26, 2012

4G ကွန်ယက်စနစ်အတွက် ITU ခွင့်ပြုမိန့် စောင့်ဆိုင်းဆဲ

ဥာဏ်ဥာဏ်(မြစ်မခ)
25 Sep, 2012

မြန်မာနိုင်ငံအတွင်း 4G ကွန်ယက်စနစ် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာဆက်သွယ်ရေးအဖွဲ့၏ ခွင့်ပြုချက် ရရှိရန်ဆောင်ရွက် ဆဲဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

လာမည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းအချိန်မီ 4G အင်တာနက်စနစ် သုံးပြုနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိရ သည်။

4G စနစ်မှာ အသံသုံးစွဲမူအပိုင်းတွင် ITU (International Telecommunication Union) မှ အသိအမှတ်ပြုမူ မရှိသေးခြင်းကြောင့် ခွင့်ပြုမူရရှိရန်အတွက် ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

“နိုင်ငံတကာမှာ စမ်းသပ်အသုံးပြုနေပြီ ဖြစ်တဲ့ 4G စနစ်ကို ITU အနေနဲ့ အသိအမှတ် မပြုသေးမီမှာ ပြည်တွင်းမှာ အသုံးပြုဖို့ အတွက် အခက်အခဲ ရှိနေသေးတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်း အင်တာနက်လိုင်းမြန်နှုန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းမှလည်း လက်ရှိတွင် အင်တာနက်လိုင်းများကို မိုဘိုင်းဖုန်းများမှ ချိတ်ဆက် အသုံးပြုနိုင်အောင် စီစဉ်ထားပြီးဖြစ်ကာ ပြည်သူအများဘက်ကလည်း အင်တာနက်ကို မိုဘိုင်းဖုန်းများကတဆင့် ယခင်ထက် ပိုမိုသုံးစွဲလာသည်။

မိုလ်ဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုရာတွင် ဂျီအက်စ်အမ်အမျိုးအစားအတွက် တစ်မိနစ်လျှင် နှစ်ကျပ်နှုန်း ဖြစ်ပြီး စီဒီအမ်အေ ဖုန်းအမျိုးအစားသည် တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြင့် ပေးဆောင်ရသည်။

နောက်ပိုင်းတွင် အင်တာနက်အသုံးပြုခနှုန်းထားများအား လျှော့ချပေးနိုင်ရန်စီစဉ်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် အင်တာနက်ကနဦး တပ်ဆင်ခကို အခမဲ့တပ်ဆင်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့