Wednesday, September 26, 2012

မဇ္ဈိမ စာဖတ်ပရိသတ်သို့

စက်တင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ်

မဇ္ဈိမ သတင်းဂျာနယ်ကို မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ပြီး အင်္ဂါနေ့၊ စက်တင်ဘာ ၂၅ ရက်၊ ၂ဝ၁၂ ခုနှစ်တွင် စတင် ဖြန့် ချိလိုက်ပါပြီ။

၁၉၈၈ ခုနှစ်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဦးစိုးမြင့် အပါအဝင် မဇ္ဈိမကို တည်ထောင်သူ မြန်မာကျောင်းသား သုံးဦးအတွက် ထူးကဲသော မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

သတင်းစာ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ ခွဲခြားမရကောင်းဟု ယုံကြည်သော မဇ္ဈိမ အတွက် စာဖတ်ပရိသတ်၏ အားပေး ထောက် ခံမှု၊ အလှူရှင်များနှင့် အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၏ အားထုတ်မှုများကြောင့် ယခုကဲ့သို့ ကျယ်ပြန့် လာနိုင်ခြင်း ဖြစ် ပါတယ်။

“မြန်မာ့စာနယ်ဇင်း ရွှေခေတ်ကို အားကျတယ်။ သတင်းစာ ဆရာကြီးတွေရဲ့ အကြောက်အရွံ့မရှိတဲ့ ပြောဆိုသင်ပြခဲ့တဲ့ စကား တွေက စိန်ခေါ်မှုတွေ ကြုံရတိုင်း နည်းပေးလမ်းပြ ဖြစ်စေခဲ့တယ်” ဟု အယ်ဒီတာချုပ် ဦးစိုးမြင့် က ပြောသည်။

ယခုနှစ်ဆန်းပိုင်းက စပြီး မဇ္ဈိမ၏ ထိပ်ပိုင်း အယ်ဒီတာများနှင့် ဝန်ထမ်းများ မြန်မာပြည်သို့ ပြန်ကာ အလုပ်လုပ်နေခဲ့ ကြသလို နယူးဒေလီနှင့် ချင်းမိုင်ရုံးများလည်း ဆက်လက် လည်ပတ်နေသည်။

“သမာသမတ်ကျပြီး ပရော်ဖက်ရှင်နယ် ဆန်တဲ့ သတင်းတွေ တင်ပြခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့် မယ်။ ပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ပြုနိုင်လိမ့်မယ် လို့ ယုံကြည်တယ်” ဟု ဦးစိုးမြင့် က ပြောသည်။

သတင်းစာ လွတ်လပ်ခွင့်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အရေးပါပုံကိုလည်း မဇ္ဈိမ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း က အလေးပေး ပြောကြားပါတယ်။

“ဂျာနယ်အနေနဲ့ ဘက်မလိုက်တဲ့ သတင်းတွေ၊ ရဲရဲဝံ့ဝံ့ စိတ်ဖြာလေ့လာချက်တွေနဲ့ အသုံးဝင်မယ့် သတင်း အချက်အလက်တွေကို ပေးနိုင်လိမ့်မယ်။ အရေးကြီးတဲ့ ကိစ္စတွေမှာ လှည့်စား ဖုံးကွယ်ထားတာတွေကို ဖယ်ရှားပြီး အမှန်ကို တင်ပြလာနိုင်မယ်” ဟု ဆိုသည်။

“မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရင် ပြည်သူတွေဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီး လာနိုင်လိမ့်မယ်” ဟု ဦးစိန်ဝင်း က ပြောသည်။

မဇ္ဈိမ ဂျာနယ်ကို တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ မြို့ကြီးများနှင့် နယ်များတွင်ပါ ဖတ်ရှုနိုင်အောင် ကြိုးစားထားပါတယ်။

ပထမဆုံးထုတ် ဂျာနယ်တွင် စာမျက်နှာ ၃၂ မျက်နှာ ပါဝင်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအမြင်နှင့် စိတ်ဖြာလေ့လာချက်၊ လူမှုဘဝနှင့် အားကစား ကဏ္ဍတို့ ပါဝင်ပါတယ်။ အချပ်ပို လေးမျက်နှာ လည်းထည့်သွင်း ဖြန့်ချိခဲ့ပါတယ်။

လေးစားလျက်

စိုးမြင့်
(အယ်ဒီတာချုပ်
မဇ္ဈိမ သတင်းဌာန)

Ref:

0 comments:

အပေါ်သို့