Wednesday, September 26, 2012

ဆိုင်ကယ်လိုင်စင်လုပ်ပေးစဉ်ကာလအတွင်း အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းရရှိ

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
26 Sep, 2012

ချမ်းအေးသာဇံမြို့နယ်၊ ရဲသိပ္ပံဝင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လုပ်ပေးနေခြင်းကြောင့်အခြေခံလူတန်းစား အလုပ်လက် မဲ့ပြည်သူများအတွက် အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာကြောင်း ဆိုင်ကယ်လိုင်စင်အငှားလုပ်ကိုင်သော လိုင်စင်ပွဲစားများထံက သိရသည်။

ဆိုင်ကယ်လိုင်စဉ်အငှားလုပ်ကိုင်သူအများစုမှာ မန္တလေးမြို့၏ဆင်ခြေဖုန်းရပ်ကွက်များနှင့် မန္တလေးတိုင်းအတွင်းတွင် နေထိုင်သော အခြေခံလူတန်းစားများဖြစ်ပြီးတစ်ချို့မှာမိသားစုလိုက် လာရောက်လုပ်ကိုင်မှုများရှိနေကြောင်းကိုလည်း သိရသည်။

“စပေးပြီဆိုကတည်းက ဒီမှာလိုင်စင်ပွဲစားလုပ်တာပါ၊ တော်တော်လည်း ဂရုစိုက်ရပါတယ်။ အိပ်ရေးလည်းပျက် လူလည်းပင်ပန်း တယ် ဆိုင်ကယ်တစ်ခါတန်းစီရင် နှစ်ရက်လောက်ကြာတယ်။ ကိုယ့်အတွက်ငွေနှစ်သောင်းလောက် ကျန်တော့ အလုပ်ဖြစ်တယ်။ အရင်က အဆောက်အဦးတွေမှာ ပန်းရံနေ့စား လုပ်တယ်။ အခုဒီမှာ မိသားစုနဲ့ လာတာပါ” ဟု မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သစ်ချိုကုန်းကျေးရွာမှ လာသည့် လိုင်စင်ပွဲစားဦးမျိုးက ပြောသည်။

ရဲသိပ္ပံကွင်းတွင်ဆိုင်ကယ်လိုင်စင်ပွဲစားများ သာမက ကွင်းဘေးတွင်နေ၍ လိုင်စင်မလုပ်ပဲ ဆိုင်ကယ်နေရာရောင်းစားသူ အများ အပြား လည်းရှိကြောင်းသိရသည်။

အဆိုပါနေရာရောင်းစားသူများကြောင့် အမှန်တကယ်လိုင်စင်လုပ်သူများမှာ အချိန့်ကြန့်ကြာနေရကြောင်းနှင့် နေရာဈေးမှာ အနည်း ဆုံး(၂၅၀၀၀)မှ အမြင့်ဆုံး(၇၀၀၀၀)အထိရှိကြောင်းကိုလည်း သိရှိရသည်။

လိုင်စင်ပြုလုပ်ရာတွင် (၂)စီးမှ(၅)စီးအထိ တာဝန်ယူလုပ်ဆောင်ရကြောင်း၊ တန်းစီထားသော ဆိုင်ကယ်ပျောက်ဆုံးလျှင် လိုင်စင် ပွဲစားမှ စိုက်လျော်ရပြီး ရဲသိပ္ပံကွင်းအတွင်း ဆိုင်ကယ်ပျောက်မှု(၁၅)မှုအထိ ရှိလာကြောင်းကိုလည်း ကြားသိရသည်။

“အုပ်စုလိုက်မိုက်တဲ့ လိုင်စင်ပွဲစားတွေကြောင့် ဆိုင်ကယ်လိုင်စင်လုပ်ရာမှာ အချိန်ကြန့်ကြာမှုတွေရှိတယ်၊ လမ်းပေါ်ရောက်နေ တဲ့ သူတွေ လာလုပ်တာဆိုတော့ စရိုက်မကောင်းဘူး၊ ဒီကောင်တွေကိုပဲ ကြည့်ထိန်းနေရတယ်”ဟု တာဝန်ကျ လုံခြုံရေးရဲဝန်ထမ်း တစ်ဦးကပြောသည်။

ချမ်းအေးသာဇံမြို့နယ်၊ ရဲသိပ္ပံကွင်းအတွင်း ဆိုင်ကယ်လိုင်စင် လုပ်ပေးမှုမှာ အောက်တိုဘာလ(၄)ရက်နေ့ နောက်ဆုံးဖြစ်ကြောင်း သိရသည်။

အချို့မြို့များတွင် ဆိုင်ကယ်လိုင်စဉ်ပြုလုပ်ပေးသည့် ရက်ထပ်မံတိုးပေးထားပြီး မန္တလေးတွင်လိုင်စင်လုပ်ပေးသည့် ရက်ထက်တိုးရန် အစီအစဉ်မရှိသေးကြောင်း တာဝန်ရှိသူများထံက သိရှိရသည်။



Ref: မြစ်မခ

0 comments:

အပေါ်သို့