Wednesday, September 26, 2012

ဒုတိယဧရာဝတီ(သို့)ချင်းတွင်းအလှကာကွယ်ရေးဆွေးနွေးပွဲ (၈၈)ဦးဆောင်မည်

ထွန်းနေအောင်(မြစ်မခ)
25 Sep, 2012

လက်ပန်းတောင်းတောင်ရှိ ကြေးနီစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို ကာကွယ်ရန်နှင့် လယ်မြေဆုံးရှုံးခဲ့သည့် ရွာသားများ၏ အခွင့်အရေးများရရှိရန်အတွက် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာလ(၃၀)ရက်နေ့ တော်ဝင်နှင်းဆီတွင် ပြုလုပ်မည်ဖြစ်ပြီး ပညာရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ကွန်ယက်များ ကုမ္ပဏီမှတာဝန်ရှိသူများ သက်ဆိုင်ရာ အာဏာပိုင်များ၊ ရွာသားများကို ဖိတ်ကြားကာ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ကြေးနီစီမံကိန်းပြုလုပ်မည့်ကိစ္စရပ်အား ရွာသားများမှ သဘောတူညီမှုမရှိပေ။

အဆိုပါ ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင်သာမက မန္တလေး၊ မုံရွာမြို့ပေါ်များတွင် ဆက်လက်ပြုလုပ်ရန် ကြိုးစားသွားမည်ဟု (၈၈) မျိုးဆက်ကျောင်းသား ကိုဂျင်မီက ဆိုသည်။

“ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်လို့ သော်လည်းကောင်း ဒေသခံ ပြည်သူတွေ ရဲ့အခွင့်ရေးတွေ ဆုံးရှုံးမှုသော်လည်းကောင်း အဲဒီနှစ်ချက် အဓိကထားပြီးတော့ ဒီ Campign ကိုလုပ်မှာပါ။ ဒီစီမံကိန်းမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဘယ်ကုမ္ပဏီမဆို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ရွာသားတွေရဲ့အခွင့်အရေးနဲ့ပတ်သတ်လို့ သတိကြီးကြီး ထားပြီး တော့ တိုက်တွန်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”ဟု (၈၈)မျိုးဆက်ကျောင်းသား ကိုဂျင်မီကပြောသည်။

အဆိုပါ ကြေးနီစီမံကိန်း ပြုလုပ်မည်ဆိုလျှင် လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်ရှိ မြေဧက(၇၈၀၀)လိုအပ်ပြီး မြေဇာဖြန့် ထည့် ရန် ၄င်းမြေနေရာများအား ဖယ်ပေးရမည်ဖြစ်သည်။

ဆာလဖျူရစ်အက်ဆစ်များမှလည်း မြေကြီးထဲစိမ့်ဝင်ကာ ချင်းတွင်းမြစ်၏ မြစ်လက်တက်များထဲသို့ ၀င်ရောက်နိုင်ပြီး နောက်နှစ် ပေါင်း များတွင် ပျက်စီးဆုံးရူံးမှုများရှိလာမည်ဖြစ်ကြောင်း ပညာရှင်များမှ ခန့်မှန်းထားသည်။

ကြေးနီစီမံကိန်းပြုလုပ်မည့်နေရာတွင် ရွာပေါင်း(၂၆)ရွာရှိပြီး (၂၂)ရွာမှာရွှေ့ပြောင်းထားပြီဖြစ်ကာ(၄)ရွာမှာ ပြောင်းရွှေ့ရန် ကျန်ရှိနေသေးကြောင်းသိရသည်။

“အဲဒီမှာလုပ်တဲ့ ကုမ္ပဏီကိုပဲ ရည်ရွယ်ပြီးတော့လုပ်မှာ ဖြစ်ပါတယ်။ လက်ပံတောင်းတောင်နဲ့ ချင်းတွင်းသဘာဝအလှကို အတတ် နိုင် ဆုံးကာကွယ်ကြဖို့အတွက်ကို Campign စတင်မှာဖြစ်တယ်။ ဧရာဝတီလို ဖြစ်မဖြစ်ဆိုတာကတော့ ကျွန်တော်တို့နိုင်ငံ သား တွေရဲ့ပူးပေါင်းပါဝင်မှုပေါ်မှာလည်း မူတည်ပါတယ်။”ဟု ကိုဂျင်မီက ဆက်ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့