Tuesday, September 25, 2012

နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် ဥပဒေ အကာအကွယ်

25 September 2012

ုန်ခဲ့သည့် တနင်္လာနေ့က မြန်မာ့စာနယ်ဇင်း သမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်သည်ဟု ဆိုရမည့် စာနယ်ဇင်း ကောင်စီ (ယာယီ)ကို မြန်မာစာနယ်ဇင်း လောက အတွင်းမှ အများအသိအမှတ်ပြု လေးစားအပ်သည့် စာနယ်ဇင်းသမားများ ကိုယ်တိုင် ပါဝင်မှုဖြင့် ဖွဲ့စည်း နိုင်ခဲ့ပါသည်။ ထို့အပြင် နှစ်ပေါင်း ၅၀အတွင်း ပထမဦးဆုံး အကြိမ် လွတ်လပ် ပွင့်လင်းစွာ လက်ထောင် အဆိုပြု၊ ကန့်ကွက်၊ ထောက်ခံမှုများဖြင့် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး တာဝန်များကို မဲဆန္ဒပြု ရွေးချယ် အတည်ပြုနိုင်ခဲ့ခြင်းမှာ အထူး မှတ်တမ်းတင် ရမည်ဖြစ်ပါသည်။ များစွာ ထူးခြားသည်မှာ အဆိုပါ ဖွဲ့စည်းသည့် အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအသစ် ဦးအောင်ကြည် ကိုယ်တိုင် တက်ရောက်ကာ ယခင်က ဝန်ကြီးဌာန စိတ်ကြိုက် လူပုဂ္ဂိုလ်များ၊ ယခင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ သဘော သဘာဝနှင့် ဆင်တူသည့် တာဝန် နှင့် လုပ်ပိုင်ခွင့် စည်းမျဉ်း၊ စည်းကမ်းများဖြင့် နိုင်ငံတော် သမ္မတရုံးက အတည်ပြု ထုတ်ပြန် ခဲ့သည့် အမြုတေ စာနယ်ဇင်း ကောင်စီကို လုံးဝ ဖျက်သိမ်းပြီး ကောင်စီဝင် စာနယ်ဇင်းသမားများ စိတ်တိုင်းကျ လွတ်လပ်စွာ ပြင်ဆင် ဖွဲ့စည်းခွင့်၊ စိတ်ကြိုက် ဆန္ဒပြု တင်မြှောက် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။

သတင်းလွတ်လပ်ခွင့် ရှိသော ဒီမိုကရေစီ နိုင်ငံများရှိ စာနယ်ဇင်း ကောင်စီများသည် သက်ဆိုင်ရာ စာနယ်ဇင်း လောကသားများ ကို အကာအကွယ်ပေးခြင်း၊ စာနယ်ဇင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးခြင်းနှင့် စာနယ်ဇင်း လောကဖွံ့ဖြိုးရေး အကောင်အထည် ဖော်ခြင်း စသည့် အဓိက တာဝန်ကြီးများကို ထမ်းဆောင် ကြပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ စာနယ်ဇင်း ကောင်စီ(ယာယီ) အနေနှင့်မူ ဖော်ပြပါ တာဝန်များ အပြင် မိမိတာဝန်ကို ကျင့်ဝတ်နှင့် အညီ ထမ်းဆောင်သော စာနယ်ဇင်း လောကသား များ အား အကာအကွယ် ပေးနိုင်သည့် စာနယ်ဇင်း ဥပဒေ တစ်ရပ် ပေါ်ထွက်လာရေး အတွက် ဥပဒေကြမ်း ရေးဆွဲရာတွင် ပါဝင် ဆောင်ရွက်ရေးမှာ အဓိက တာဝန် ဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)၏ လုပ်ငန်း တာဝန် ၁၅ ချက်ကိုလည်း ကောင်စီဝင် အားလုံး သဘော တူညီချက်ဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အတည်ပြု၊ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

လူ့အဖွဲ့စည်း အသီးသီး အလိုက်၊ နိုင်ငံအသီးသီး အလိုက် ပြဋ္ဌာန်း အတည်ပြု ထားသည့် ဥပဒေတို့ မည်သည် ယေဘုယျ အားဖြင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရှိ ဥပဒေနှင့် အညီ နေထိုင်ကြသူ လူသားများ၊ နိုင်ငံသားများကို အကာအကွယ်ပေးရန် ဖြစ်ပါသည်။ ထို့အတူ စာနယ်ဇင်း လောကသားများ အတွက် ပြဋ္ဌာန်းမည့် စာနယ်ဇင်း ဥပဒေသည်လည်း ကျင့်ဝတ်နှင့် အညီ စာနယ်ဇင်း တာဝန် ထမ်းဆောင် နေကြသော စာနယ်ဇင်း သမားများကို အကာအကွယ် ပေးရမည် ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီ ခေတ်ပြောင်း ကာလနှင့် ဒုတ်ဒုတ်ထိ ရင်ဆိုင် နေရသော မြန်မာနိုင်ငံ အတွက် အခြေခံဥပဒေက ပေးအပ်ထားသော နိုင်ငံသား အခြေခံ အခွင့်အရေးနှင့် အညီ၊ တည်ဆဲ ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ထုတ်ဖော်၊ ရေးသား၊ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိပါသည်။ အတိုင်းအတာ တစ်ခုအထိ စာနယ်ဇင်း လွတ်လပ်ခွင့် ရရှိလာသည့် မြန်မာနိုင်ငံတွင် လည်း စတုတ္ထမဏ္ဍိုင် တာဝန်ကို ထမ်းဆောင်သော မီဒီယာများ အနေနှင့် သတင်းသမားနှင့် သက်ဆိုင်ရာ သတင်းမီဒီယာ အပေါ် တရားစွဲဆိုမှုများ၊ ခြိမ်းခြောက်၊ အကြပ်ကိုင်မှုများ ကြုံတွေ့ လာရမည် ဖြစ်ပါသည်။ ယခု လတ်တလော ပင်လျှင် တရား ရင်ဆိုင် နေရသော သတင်းဂျာနယ်များ ရှိနေပါသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ပြောင်း နိုင်ရေးအတွက် အကောင်းဆုံး နောက်ထပ် ရွေးစရာ လမ်း ကြောင်း best alternative တစ်ခုဟု ယူဆကာ ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ကြရန်နှင့် ပြည်သူလူထု တစ်ရပ် လုံးအား မိမိတို့ အားကိုးထိုက်သည့် ပါတီကို ဆန္ဒမဲ ပေးခြင်းဖြင့် ကူညီကြပါမည့် အကြောင်း တိုက်တွန်း ခဲ့သောကြောင့် အစိုးရ ဟောင်း ဘက်တော်သား အဖြစ် တံဆိပ်ကပ် ခံရသော်လည်း အစိုးရ၏ ခြောက်ကြိမ်တိုင်တိုင် ထုတ်ဝေခွင့် ရပ်နား ခံရသည့် အပြင် သတ္တုတွင်း ဝန်ကြီးဌာန၏ တရားစွဲဆိုမှုပါ ခံနေရသော The Voice Weekly အပေါ် စွဲချက်တင်ခြင်းကို ကင်းလွတ်ခွင့် များဖြင့် လွတ်မြောက်ခွင့် ရှိနေလင့် ကစား တရားစီရင်ရေး မဏ္ဍိုင် ကိုယ်စားပြု ဒဂုံမြို့နယ် တရားရုံးက (၁၄) ကြိမ်မြောက် ရုံးချိန်းတွင် လက်ခံ လိုက်ပါသည်။ ဒီမိုကရေစီစနစ် မည်သည် ပြည်သူလူထု ကိုယ်တိုင် တိုက်ရိုက် မဟုတ်သည့်တိုင် သွယ်ဝိုက် အုပ်ချုပ်သည့် ပြည်သူ့ ဒီမိုကရေစီ စနစ် တစ်ရပ်ဖြစ်ပါသည်။ ထိုစနစ်တွင် တင်းကြပ်သော အမိန့်အာဏာများဖြင့် မအုပ်ချုပ်ဘဲ ပြည်သူ့ ကိုယ်စားလှယ်များက အတည်ပြု ပြဋ္ဌာန်း ထားသည့် ဥပဒေများဖြင့် ထိန်းကျောင်းပါသည်။ တစ်နည်းအားဖြင့် ဥပဒေနှင့် အညီ၊ ဥပဒေ အောက်တွင် နေထိုင်သော နိုင်ငံသားတိုင်းကို ဥပဒေက အကာအကွယ် ပေးရပါသည်။ ဥပဒေဆိုသည်မှာ ပြည်သူ လူ ထုအား ဖိနှိပ် ချုပ်ချယ်ရန် မဟုတ်ဘဲ အေးချမ်း သာယာစေရန် အကာအကွယ် ပေးခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် ကျင့် သုံးသော နိုင်ငံတို့ရှိ စာနယ်ဇင်း သမား တို့သည်လည်း နိုင်ငံသားများ ဖြစ်သည့်အတွက် ဥပဒေ၏ အကာအကွယ် ခံစားခွင့် ရှိပါသည်။ မတရားသော ဥပဒေများ၏ ချုပ်နှောင် ထိန်းကွပ်မှုမှလည်း ကင်းလွတ်ခွင့် ရှိပါသည်။ အများပြည်သူ အကျိုးအတွက် ရေးသား၊ ဖော်ပြ၊ ထုတ်လွှင့် တင်ဆက်မှု မှန်သမျှ အတွက်လည်း ဥပဒေ၏ အကာအကွယ် ရယူနိုင်ရမည် ဖြစ်ပါသည်။

သို့ဆိုလျှင် စာနယ်ဇင်း သမားများကို အကာအကွယ်ပေးရမည့် စာနယ်ဇင်း ဥပဒေတွင် မဖြစ်မနေ ထည့်သွင်း ရေးဆွဲရ မည့် အချက်တစ်ချက် ရှိပါသည်။ ယင်းအချက်မှာ ‘နိုင်ငံသားများနှင့် နိုင်ငံတော် အကျိုးစီးပွား အလို့ငှာ၊ အများပြည်သူနှင့် နိုင်ငံ တော်၏ အာဏာသုံးရပ် အကျိုး အလို့ငှာ သတင်းမီဒီယာများတွင် ကျင့်ဝတ်နှင့် အညီ ခိုင်လုံ တိကျစွာ ရေးသား၊ ဖော်ပြ၊ ထုတ်လွှင့် တင်ဆက်သမျှသော အကြောင်းအရာ မှန်သမျှနှင့် ပတ်သက်၍ မည်သည့် ဥပဒေကြောင်းနှင့်မျှ တရားစွဲဆိုခြင်း အလျှင်းမရှိစေရ’ ဟုဖြစ်ပါသည်။ သို့ရာတွင် သတင်းသမား တစ်ဦးချင်းစီ အလိုက် တရားမမှု၊ ပြစ်မှုများ ကျုးလွန်ပါက တည်ဆဲ ဥပဒေများနှင့် အရေးယူ ခံရမည်ဖြစ်ပါသည်။
ဤနေရာတွင် အထူးပြု ဖော်ပြ လိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး အကျိုးကို မိမိတို့ ချွေးနှဲစာဖြင့် စတုတ္ထ မဏ္ဍိုင် တာဝန် ထမ်းဆောင်နေသူ စာနယ်ဇင်း သမားများ အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ တစ်ခုတည်းသော အားကိုး စရာ တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင် ဖြောင့်မတ်မှု ရှိပါမှ အာဏာ သုံးရပ်စလုံး၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာ တို့၏ သံသယစိတ်ကို ဖျောက်နိုင်မည့် အပြင် ယုံကြည်မှု တည်ဆောက် နိုင်မည်ဖြစ် ကြောင်း သဘောပေါက်ထားရေး ဖြစ်ပါသည်။

Ref: VOICE

0 comments:

အပေါ်သို့