Thursday, February 28, 2013

နွေရာသီမွန်စာပေသင်တန်းများ၌ ရိုးရာအကများပါ သင်ကြားပေးရန် ကော်မတီမှစီစဉ်

မိုးမြင့်ကျော်(မြစ်မခ)
28 Feb, 2013

မွန်တိုင်းရင်သားများအနေနှင့် မွန်စာပေနှင့် မွန်စကား တတ်မြောက်မှု အလွန်နည်းပါးလာသည့်အတွက် သာကေတ၊ မြောက်ဒဂုံ၊ ထန်းတပင်အစရှိသောမြို့နယ်ပေါင်း ၃၀ ၀န်းကျင်၌ နွေရာသီ မွန်စာပေသင်တန်း များအား ပြုလုပ်နေပြီး မွန်စာပေ၊ စကား သာမကပဲ မွန်ရိုးရာအကများပါ သင်ကြားပေးမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။


“မွန်စာပေနဲ့ မွန်စကားတတ်တဲ့သူတွေ တော်တော်လေးနည်းလာတယ်။ ကျွန်မတို့ မွန်စာပေတွေ မွန် စကားတွေ မေ့ကုန်မှာကြောက်လို့ နွေရာသီ မွန်စာပေသင်တန်းတွေ ဖွင့်ထား တယ်။ သုံး လေး နှစ် အတွင်းမှာ တော်တော်လေးတော့ အရှိန်ရလာပါတယ်။ မနှစ်ကဆို နယ်မြေသုံးဆယ်လောက် ကျယ်ကျယ်ပြန်ပြန့် လုပ်နိုင်ခဲ့တယ်။ မွန် ရိုးရာအကတွေ ပါသင်ပေးဖို့ အစီအစဉ်ရှိပါတယ်။” ဒု ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။

မြန်မာဖတ်စာမှ မွန်ဖတ်စာသို့ ဘာသာပြန်ရာ၌ သဘာဝခြင်း မတူညီသောကြောင့် အခက်အခဲရှိနေခြင်းဖြစ်ပြီး မွန်စာပေအား အချိန်အတိုင်းအတာတစ်ခုအထိ သင်ကြားခွင့်ရနိုင်မည် မဟုတ်ဟု ၎င်းကပင်ပြောသည်။

“အရင်ကျွန်မတို့ ငယ်ငယ်က ၄ တန်းထိ မွန်ကျောင်းတွေမှာ မွန်စာသင်ရတယ်။ အရင်ကတည်းက မွန်ဖတ်စာ ရှိတယ်။ ဒါပေမယ့် နိုင်ငံတော်ကနေ အဲ့ဒါကို မယူဘူး။ မြန်မာဖတ်စာကို မွန်လိုဘာသာပြန်ရတာဆိုတော့ မွန်ဖတ်စာနဲ့ သဘာဝခြင်းမတူတော့ တိုက်ရိုက်ဘာသာပြန်ဖို့ ခက်တယ်။ သင်ရိုးကို ပြန်ပြုစုဖို့တော့ လုပ်ထား တာပေါ့နော်။ ဘယ်တော့ စသင်နိုင်မယ် ဆိုတာ မသိသေးဘူး။” ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဒု ဥက္ကဌ ဒေါ်မိကွန်ချစ်ချစ် ကပြောသည်။

မွန်စာပေမှာ ကိုလိုနီလက်ထက်ကျောင်းများတွင် ဘာသာတစ်ရပ်အနေနှင့် သင်ကြားခွင့်ရခဲ့ကြောင်း ယခုလို အချိန်၌ မွန်စာပေအား ပြန်လည်သင်ကြားခွင့် ပြုသင့်ကြောင်းကိုလည်း (၆၆) နှစ်မြောက် မွန်အမျိုးသားနေ့တွင် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဌနိုင်ဖေသိန်းက ပြောသွားသည်။.

“မွန်စာသမိုင်းမှာလည်း ကျန်စစ်သားမင်းလက်ထက်ထိ မွန်စာပေကိုသုံးစွဲးခဲ့ပါတယ်။ မွန်စာပေကို ကိုလိုနီ လက်ထက်ကျောင်းတွေမှာ ဘာသာတစ်ရပ်အနေနဲ့ သင်ကြားခဲ့ပါတယ်။ နိုင်ထွန်းသိန်း ဟာဆိုရင် အရင်က မွန်ပညာအုပ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကိုလိုနီလက်ထက်က တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုကို မပျောက် ပျက်အောင် ထိန်းသိမ်းခဲ့ပြီး အခုကောင်းသောအစိုးရ သန့်ရှင်းသောအစိုးရ လက်ထက်မှာဆိုရင် ဒီလို အခွင့်အရေးကိုပေးသင့်ပါတယ်လို့ တိုက်တွန်းအပ်ပါတယ်။” ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေသိန်းက ပြောသည်။.

ယခင် ဦးနေ၀င်းအစိုးရလက်ထက်၌ မွန်အမျိုးသားတစ်ဦးဖြစ်သူ ဓါတုဗေဒ၀န် နိုင်ချစ်ကောင်းမှ ကိုယ်ပိုင် ငွေကြေးစိုက်ထုတ်၍ မှုလတန်းကျောင်းများတွင် မွန်တိုင်းရင်းသားများ မွန်စာပေ သင်ကြားနိုင်ရန် ပြုလုပ်ပေးခဲ့ပြီး ၁၉၆၇ ခုနှစ်မှစ၍ သင်ကြားခွင့် မရရှိတော့ကြောင်း သိရသည်။

“အခုနောက်ပိုင်းဆိုလို့ရှိရင် အိမ်တွေမှာလိုက်ပြီး သင်ပေးတာတွေရှိတယ်။ ဘုန်းကြီးတွေ ဆရာမတွေက ရပ်ကွက်ထဲက မွန်တိုင်းရင်းသားတွေကို လိုက်စုပြီးတော့ မွန်စာတွေကိုကြိုး စားပြီးသင်ပေးနေပါတယ်။ အရင်က မွန်စာပေကို ကျောင်းတွေမှာတစိတ်တပိုင်း သင်ယူခွင့်ရခဲ့တယ်။ အဲ့ဒီလိုမျိုးပြန်ရချင်ပါတယ်။” ဟု မွန်တိုင်းရင်းသူတစ်ဦးဖြစ်သူ မိနွန်ထောက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့