Wednesday, February 27, 2013

ယုဇန ပလာဇာ ပိတ်ရက်မရှိတော့၍ ဈေးအုပ်ချုပ်ရေးအား ဆိုင်ခန်းရှင်များ ဝေဖန်

စောဇင်ညီ
ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇန ပလာဇာမှ ဆိုင်ခန်းများအား ပိတ်ရက်မရှိ ဖွင့်လှစ်ခြင်းသည် ဈေးအုပ်ချုပ်ရေး အပိုင်းမှ ဈေးဆိုင် ပစ္စည်းများလုံခြုံရေးအား တာဝန် မယူနိုင်သည့် သဘော သက်ရောက်နေကြောင်း ထိုပလာဇာမှ ဈေးသူဈေးသားများက ဆိုသည်။

“အခုလို ဈေးပိတ်ရက်ကို ဈေးသူဈေးသားများမသိအောင် ပိတ်ရက် မရှိ လုပ်လိုက်တာဟာ ဈေးကို ချုပ်ကိုင်ထားတဲ့ ယုဇန ကုမ္ပဏီက တာဝန်မယူနိုင်တဲ့သဘော သက်ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဈေးပိတ်ချိန်မှာ ပစ္စည်းပျောက်ရှတာရှိ ရင် သူကဘဲ တာဝန်ယူရမှာလေ” ဟု ယုဇန ပလာဇာမှ ဈေးဆိုင်ပိုင်ရှင် ဦးအောင်လှ က ပြောသည်။

ယခင်က တနင်္လာနေ့တိုင်း ပိတ်လေ့ရှိသည့် အဆိုပါ ဈေးဆိုင်ခန်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများအား ဆောက်လုပ်ခဲ့သည့် ယုဇန ကုမ္ပဏီမှ ဈေးသာယာရေး ကော်မတီဖွဲ့၍ ယခု အချိန်အထိ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခင်က တနင်္လာနေ့တိုင်း ပိတ်လေ့ရှိသည့် ပလာဇာကို မြေညီထပ်မှလွဲ၍ အပေါ်ထပ်များအား ပိတ်ရက်မရှိ ဖွင့်လှစ်ရန် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဈေးသာယာရေးကော်မတီမှ ကြေညာခဲ့သည်။

ထိုကြေညာချက်ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ဈေးပိတ်သည့် မြေညီထပ်မှ တခါးများ ဖွင့်ထား၍ ဈေးဆိုင်များ၏ လုံခြုံရေးမှာ စိတ်မချရသဖြင့် ဈေးအား ယခင်အတိုင်း ပြန်ပိတ်ပေးရန် ဈေးသူဈေးသားများ တောင်းဆိုကြသည်။

ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနှင့်ကိုယ် ပိတ်ကြမည်ဆိုပါက ကော်မတီအနေဖြင့် ဈေးဆိုင်များအတွင်းရှိ ပစ္စည်းများ၏ လုံခြုံရေးအား တာဝန်ယူမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြေညာခဲ့သည်ဟု ပလာဇာမှ ရှိုးကမ္ဘာ ဆိုင်ပိုင်ရှင်က ပြောသည်။

“အခုလို ဈေးက အပေါ်ဖွင့်ပြီး အောက်ပိတ်ထားရတော့ အောက်က ပိတ်တဲ့ ဆိုင်တွေက ရန်သူမျိုး ငါးပါးရဲ့ အန္တရာယ် ကြောက်နေရတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ယုဇန ပလာဇာ မြေညီထပ်တွင် ဆိုင်ခန်း ၄ ခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးသည်။

“အခု ဈေးတွေ အများစုမှာ မီးလောင်တာတွေ များလာတယ်။ အဲဒီအတွက် တကယ်လို့သာ ပလာဇာမှာသာ မီးလောင်ခဲ့ရင် ဈေးဖွင့်ချိန်ဆို ကိုယ့်တာဝန် ကိုယ်ယူရမှာလေ။ ဈေးပိတ် ချိန်ပဲ သူတို့က တာဝန်ယူရမှာ။ ဒါကြောင့် သူတို့ တာဝန်မယူချင်လို့ ဈေးဖွင့်ရက်တွေ တိုးနေတာလားဆိုတဲ့ အတွေးတွေ ဈေးသူဈေးသား တွေမှာ ပေါ်လာတယ်” ဟု ဦးအောင်လှ က ဆိုသည်။

သို့သော် ထိုသို့ ပိတ်ရက်မရှိ ဖွင့်လှစ်ရန် စီစဉ်ရခြင်းမှာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် က ဈေးသည်များအကျိုး အတွက် ရောင်းအားမြင့်စေဖို့ ဖြစ်ကြောင်း ဈေးသာယာရေးကော်မတီက ဆိုသည်။

“ဒါက ဥက္ကဋ္ဌရဲ့ သဘောထားပါ။ ဈေးရဲ့ ရောင်းအားတွေ ကျနေလို့ ပြန်ပြီး မြင့်တက်လာအောင် လုပ်တဲ့သဘောပါ” ဟု ကော်မတီ တာဝန်ခံ ဦးအောင်သန်းလွင် က မဇ္ဈိမကို ပြောသည်။

ဈေးလုံခြုံရေးကိစ္စများနှင့် ပတ်သတ်၍ ဈေးသာယာရေးကော်မတီအား မေးမြန်းရာ ကော်မတီဝင် ရုံးဝန်ထမ်း တဦးက “ဈေးလုံခြုံရေး အတိုင်းအတာကတော့ အပြည့် ရှိပါတယ်။ ဈေး တလျှေက်မှာ လုံခြုံရေး လူ ၈၀ လောက် ထားထားတယ်” ဟု မဇ္ဈိမကို ဖြေကြားသည်။

ယုဇန ပလာဇာရှိ ဈေးသူဈေးသားများက ဈေးလုံခြုံရေးနှင့် ပတ်သတ်သော အခွန်အခများ၊ မီတာခနှင့် သန့်ရှင်းရေးခများအား ဈေးသာယာရေးကော်မတီထံ လစဉ် ပေးဆောင်ရသည်။

ထိုပလာဇာကို ၁၉၉၈ တွင် စတင် ဖွင့်လှစ်ကာ ဆိုင်ခန်းပေါင်း တထောင်ကျော်ရှိပြီး ၄၆ ခန်းသာ ပိုင်ဆိုင်တော့ သည့် ယုဇန ကုမ္ပဏီက ဈေးသာယာရေးကော်မတီကို ဖွဲစည်းကာ ဈေးကို အုပ်ချုပ်နေဆဲဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့