Tuesday, February 26, 2013

စားအုန်းဆီ တန်ချိန် သုံးသိန်း ရှစ်သောင်းခန့် တင်သွင်းရန် လိုင်စင်ထုတ်ပေးပြီးဖြစ်

ခင်မျိုးသွယ်
ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၃ ခုနှစ်

ပြည်တွင်း စားသုံးဆီ လုံလောက်မှုမရှိ၍ ပြည်ပနိုင်ငံများမှ တင်သွင်းခွင့် ပြုထားရာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ဆီတန်ချိန် သုံးသိန်း ရှစ်သောင်းခန့် တင်သွင်းရန် ခွင့်ပြုလိုင်စင် ထုတ်ပေးပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ဆိုသည်။

“ဒီဇင်ဘာ ၂ ရက်နေ့အထိ တန်ချိန် ၃၇၇,၂၇၄ တင်သွင်းဖို့ ခွင့်ပြုလိုင်စင် ထုတ်ပေးပြီး ဖြစ်ပါတယ်။ လက်ရှိ စားအုန်းဆီတင် သင်္ဘော ၉၄ စီးနဲ့ ဆီတန်ချိန် ၃၁၁,၃၄၈ တန် တင်သွင်းပြီး ဖြစ်ပါတယ်” ဟု ဖေဖေါ်ဝါရီလ ၂၂ ရက်က ကုန်သွယ်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် ဆီသင်္ဘောများ စနစ်တကျ လက်ခံရယူရေး ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီး ဦးဝင်းမြင့် က ပြောကြားခဲ့သည်။

တင်သွင်းလာသည့် ဆီသင်္ဘောများ ဆိပ်ကမ်းသို့ရောက်ရှိသည့်အခါ ဆီများ ထည့်သွင်း သိုလှောင်ခြင်း မပြုမီ ဆီလှောင်ကန်များနှင့် သန့်ရှင်းမှု၊ စိတ်ချရမှု ရှိ/မရှိကို ကြိုတင် စိစစ်နိုင် ရေးအတွက် သင်္ဘောတစီးချင်းအပေါ် လက်ခံစီစစ်ရေးအဖွဲ့မှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

“ဈေးကွက်အတွင်း ကျန်းမာရေးနှင့် မညီညွတ်သည့် ဆီများ ဝင်ရောက်နေခြင်းကို စိစစ်သွားစေလိုပါတယ်။ ပြည်ပက တင်သွင်းတဲ့ ကုမ္ပဏီများအနေနဲ့ စာချုပ်ပါ အရည်အသွေး သတ်မှတ်ချက်များအတိုင်း တိကျစွာ စစ်ဆေးတင်သွင်းပေးဖို့နဲ့ ဈေးကွက်နိုင်ငံများနဲ့ အငြင်းပွားမှုများ ပေါ်ပေါက်ပါက မသမာမှု ဆောင်ရွက်သူ လူပုဂ္ဂိုလ်၊ ကုမ္ပဏီများအပေါ် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း ရုံး၌ ပြုလုပ်သည့် တရားမဝင် စားသုံးဆီ တင်သွင်းမှုများ လျော့နည်း ပပျောက်ရေး ညှိနှိုင်းအစည်းအဝေး တွင် လည်း ဝန်ကြီး ဦးဝင်းမြင့် က ပြောကြားခဲ့သည်။

ထိုသို့ ပြည်ပမှ စားအုန်းဆီများ တင်သွင်းရာတွင် ဆီအရည်အသွေး သတ်မှတ်ချက်ကို ယခင်က Cloud Point 10 နှင့် Iodine Value ကို 5 ဖြင့် တင်သွင်းခွင့် ပြုခဲ့ရာမှ စားသုံးသူ ကျန်းမာရေး အတွက် Cloud Point 8 နှင့် Iodine Value ကို 58 မှ 60 အထိ အရည်အသွေးမြှင့် သတ်မှတ်ခဲ့သည်။

တဖက်နိုင်ငံမှ တရားမဝင် စားအုန်းဆီများလည်း ဝင်ရောက်နေ၍ ယင်းဆီများ စားသုံးရန် သင့်တော်ခြင်း ရှိ/မရှိကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံ စားသောက်ကုန် အသင်း၊ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ဓါတ်ခွဲခန်းများတွင် နမူနာပေးပို့ စစ်ဆေးခဲ့သည် ဟု ဆိုသည်။

“အဲဒီစစ်ဆေးချက်တွေအရ အမည်မသိ ဆီတွေမှာ အသုံးပြုပြီးဆီ အရောတွေကို ပြန်လည်ပြုပြင်ထားတဲ့ ဆီတွေ ဖြစ်တာကို တွေ့ရပြီး မည်သည့်ဆီ အမျိုးအစားနှင့်မျှ ကိုက်ညီမှု မရှိတာကို တွေ့ခဲ့ရပါတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

ယခင် မဆလ အစိုးရလက်ထက်တွင် ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လုံလောက်ခဲ့၍ ပြည်ပမှ တင်သွင်းမှု မရှိခဲ့ပေ။

“၈၈ ခုနှစ် နောက်ပိုင်း ဆီစက်တွေအနေနဲ့ ပြည်တွင်း ကုန်ကြမ်း မလုံလောက်တဲ့အတွက် ဆီစက်အများစု လုပ်ငန်းရပ်သွားကြတယ်။ ၈၈ ခုနှစ်ကနေ ၉၆ ခုနှစ်အထိ ပေပါနဲ့ တင်သွင်းရတဲ့ စားသုံးဆီတွေကိုသာ ခွင့်ပြုခဲ့တယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး က ပြောသည်။

ပြည်တွင်း စားသုံးဆီ ဈေးကွက်အတွက် ၂၀၀၄ ခုနှစ်မှ စတင်ကာ တဦးတယောက် ပုံစံမျိုးဖြင့် တင်သွင်းခွင့် ပေးခဲ့၍ ဈေးကွက်ယှဉ်ပြိုင်မှု မရှိသဖြင့် အရည်အသွေးနိမ့် ဆီများ ဆက်တိုက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“၂၀၁၁ ခုနှစ်၊ မေလက စတင်ပြီး ပြည်ပမှ စားအုန်းဆီတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဈေးကွက် ယှဉ်ပြိုင် တင်သွင်းခွင့်ပြုခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံအတွက် စားအုန်းဆီများကို မလေးရှားနိုင်ငံမှ ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းလျက်ရှိပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ မှတဆင့် တင်သွင်းနေသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း စားအုန်းဆီ ၃၇၉,၀၄၉ တန် တင်သွင်းရန် လိုင်စင် ထုတ်ပေးခဲ့ရာ သင်္ဘော ၁၂၉ စီးဖြင့် ဆီ ၃၀၆,၁၀၄ တန်ကို တင်သွင်းခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဖေဖေါ်ဝါရီနှင့် မတ်လတွင် ပြည်တွင်းဈေးကွက်သို့ စားအုန်းဆီ ၁၃၀,၄၈၈ တန် ဝင်ရောက်ရန် ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့