Wednesday, February 27, 2013

မြန်မာ-မလေးရှား ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံ ရှိလာနိုင်

ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၃ ခုနှစ်

မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏမှာ ၂၀၁၃ ခုနှစ်ကုန်တွင် ရင်းဂစ် ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်) ရှိလာနိုင်ကြောင်း မလေးရှား ပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း(Matrade)က ဆိုသည်။

မြန်မာအစိုးရ ဆက်လက်ဖော်ဆောင်မည့် စီးပွားရေး ဖွင့်ပေးမှုများအရ မလေးရှား၏ ပို့ကုန်များကို သိသိသာသာ စေ့စော်ချက်ပေးလိမ့်မည်ဟု အဆိုပါကော်ပိုရေးရှင်း၏ တွဲဘက် အမှုဆောင် အရာရှိချုပ် Datuk Kamarudin Hassan အား ကိုးကား၍ Bernama သတင်းတရပ်တွင် ရေးသားထားသည်။

၂၀၁၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ ရင်းဂစ် ၂.၇၄ ဘီလီယံ (ဒေါ်လာ ၈၈၀ သန်းကျော်) ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေပြီး ၎င်းတွင် လမ်းများ၊ လမ်းမကြီးများ၊ လေဆိပ်များနှင့် အခြား ကုန်သွယ်ရေး အဆောက်အအုံများ ပါဝင်သည်ဟု ကာရာမူဒင် က ဆိုသည်။ သို့အတွက် မလေးရှား ကုမ္ပဏီများအနေနှင့် အခွင့်အရေးများကို လက်ဦးမှုရယူနိုင်ရန် ပိုမိုထက်သန်ဖို့ လိုကြောင်း မြန်မာ ရင်းနှီးမြှုပ်နှံမှု ဆီမီနာသို့ တက်ရောက်စဉ် သတင်းထောက်များအား အင်္ဂါနေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ မလေးရှားမှာ အကောင်းဆုံး အခြေခံအဆောက်အအုံတွေထဲက တချို့ ရှိနေပြီးဖြစ်တဲ့အတွက် ဒီနေရာ (မြန်မာပြည်)ဟာ မလေးရှား ကုမ္ပဏီတွေအတွက် ကိုယ်တိုင် စီးပွားရေးအခွင့်အလမ်းတစ်ရပ် ဖန်တီးနိုင်ပါတယ်” ဟု ကာမူရာဒင် က ဆိုသည်။

မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း ရင်းဂစ် ၃.၁၈ ဘီလီယံ (ဒေါ်လာ ၁ ဘီလီယံကျော်) ရှိခဲ့ရာ အဓိကအားဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ဟိုတယ်၊ ပလက်စတစ်ပစ္စည်းနှင့် ပင်လယ်စာ လုပ်ငန်းများတွင် ဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ အဓိက မလေးရှားကုမ္ပဏီကြီးများထဲတွင် Labuan Re ၊ Lumber Mart Sdn Bhd ၊ Petroliam Nasional Bhd (Petronas)၊ Sapura Crest Petroleum Sdn Bhd ၊ Scansia Sdn Bhd နှင့် UMW Holdings Bhd. တို့ ပါဝင်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုပြီးဖြစ်၍ မြန်မာနိုင်ငံကဲ့သို့ တံခါးဖွင့်ကာစ စီးပွားရေးနယ်မြေထဲသို့ ဝင်ရောက်ရန် မလေး ကုမ္ပဏီများအနေနှင့် ကြောက်ရွံ့နေဖို့ မလိုကြောင်း ကာမူရာဒင် က ဆက်ပြောသည်။

မလေးရှားကုန်ပစ္စည်းများမှာ အရည်အသွေးနှင့် နည်းပညာမြင့်ပြီး မြန်မာပြည်သားများနှင့် အလွန်ရင်းနှီးပြီး ဖြစ်၍ မလေးရှားကုမ္ပဏီများအနေနှင့် ထိုးဖောက်ရှာဖွေသင့်ကြောင်း Matrade Yangon ၏ ဈေးကွက် ကိုယ်စားလှယ် M.T. Rajah က ဆိုသည်။ မြန်မာ့ ဈေးကွက်ကြီးများ ပြန့်ကျဲမသွားမီနှင့် စက်မှုလုပ်ငန်းများ လည်း နည်းနေသေးစဉ် ယခုအချိန်မှာ ဝင်ရောက်ရန် အချိန်ကောင်းဖြစ်သည်ဟုလည်း ၎င်းက အခါတော်ပေး သည်။

မလေးရှားနိုင်ငံက မြန်မာသို့ ပို့ကုန်မှာ ရင်းဂစ် ၂.၁၇ ဘီလီယံ (ဒေါ်လာ သန်း ၇၀၀ ကျော်) ရှိခဲ့ပြီး မြန်မာ ဘက်မှ သွင်းကုန် ရင်းဂစ် သန်း ၅၇၀ (ဒေါ်လာ သန်း ၂၀၀ ခန့်)ရှိခဲ့သည်။

မြန်မာပြည်သို့ မလေးရှားမှ တင်သွင်းလာသည့်အထဲတွင် စားအုန်းဆီများ အဓိက ပါဝင်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့