Thursday, February 28, 2013

ခရီးသွားကဏ္ဍ တိုးတက်ရေး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လိုအပ်ဟု ဝန်ကြီးဆို

Rosie Gogan-Keogh
ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလာရေး ကဏ္ဍ ကြီးထွားတိုးတက်လာရေးကို တနိုင်ငံတည်း လုပ်ဆောင်နိုင်စွမ်း မရှိ၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင်က ဆိုသည်။

ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကွန်ဖရင့် (၂၀၁၃) ဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း
ဖြစ်သည်။

ခရီးသွားလုပ်ငန်း ကြီးထွားတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် အလွန်ခက်ခဲလိမ့်မည်ဟု ဝန်ကြီးက ဝန်ခံခဲ့သလို သယ်ယူပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံ နှင့် လူ့စွမ်းအား အရင်းအမြစ် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ပြီး သွားလာလည်ပတ်စရာ နေရာများ ဖန်တီးခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လိမ့်မည်ဟု ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းစီစဉ်သူများ၊ စီးပွါးရေး လုပ်ဖော်ကိုင်ဘက်များနှင့် ပညာရှင်များ ၏ အကူအညီကို လိုအပ်လျက်ရှိကာ အပြန်အလှန် အကျိုးရှိစေဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ စတင်နိုင်ရန် အတွက် မြန်မာနိုင်ငံတွင် ရှိသည့် အခွင့်အလမ်း အလားအလာများကို လာရောက် ကြည့်ရှုစေချင်သည်ဟု ဝန်ကြီး ဦးဌေးအောင်က ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြေယာ စသည်တို့ကို ပိုင်ဆိုင်ခွင့် မရှိသော်လည်း ၎င်းတို့ အနေဖြင့် အများဆုံး နှစ် ၇၀ အထိ ရေရှည် အငှားစာချုပ် ချုပ်ဆို လုပ်ကိုင်နိုင်သလို ပြည်တွင်း ကုမ္ပဏီ တခုနှင့်လည်း ဖက်စပ် လုပ်ကိုင်နိုင်သည်။

ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို မြန်မာ အစိုးရက နိုင်ငံတကာ ကျွမ်းကျင်သူများ အကူအညီဖြင့် ရေးဆွဲလျက် ရှိသည်။ ခရီးသွား လုပ်ငန်း ကြီးထွား တိုးတက် ရေးနှင့် တာဝန်ကျေပွန်သည့် ခရီးသွားကဏ္ဍ ဖြစ်လာရေးအတွက် ကြိုးပမ်းမည့် မဟာဗျူဟာတရပ် ဧပြီလလယ်ခန့်တွင် ထွက်ရှိလာလိမ့်မည် ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍသည် နှစ်စဉ် ၃၀ ရာခိုင်နှုန်းဖြင့် အလျှင်အမြန် တိုးတက်လျက် ရှိသည်ဟု သိရသည်။ ဝန်ကြီးက ပြောကြားရာတွင် ၂၀၁၃ ခုနှစ်တွင် အနည်းဆုံး ခရီးသည် ၁.၃ သန်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။ မြန်မာ့ခရီးသွားကဏ္ဍ စီမံချက် ရေးဆွဲရာ တွင် ခေါင်းဆောင်ဖြစ်သည့် Paul Rogers ကမူ ယခု ဆယ်စုနှစ် အကုန်တွင် မြန်မာနိုင်ငံသို့ နှစ်စဉ် ခရီးသည် ၂ သန်းအထိ လာရောက်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသည်။

ဟိုတယ်ဇုန်ပေါင်း များစွာကို မြန်မာနိုင်ငံအဝှမ်းတွင် တည်ထောင်လျက် ရှိပြီး ပဲခူးတိုင်းထဲတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ဆက်လက်တည်ဆောက်မည် ဖြစ်ကာ မန္တလေးလေဆိပ် နှင့် ပုဂံလေဆိပ် အပါအဝင် လေဆိပ်အချို့အား ခရီးသည် အရေအတွက် ပိုမို လက်ခံနိုင်ရေးအတွက် ချဲ့ထွင်တည်ဆောက်ရန် ဆွေးနွေးလျက် ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့