Thursday, February 7, 2013

ရန်ကုန်တွင် ဆူဇူကီး မော်တော်ကား ပြန်လည် ထုတ်လုပ်မည်

ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ်

ဆူဇူကီး မော်တော်ယာဉ် ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ ကားထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည် လုပ်ကိုင်တော့မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ဆူဇူကီး ကုမ္ပဏီသည် ကားထုတ်လုပ်ခဲ့ပြီး ကားထုတ်လုပ်ခြင်းများ လွန်ခဲ့သည့် ၂နှစ်ခန့်က ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ မြန်မာနိုင်ငံ တွင် ပြန်လည်ထုတ်လုပ်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရက ဆူဇူကီး ကုမ္ပဏီအား မြန်မာနိုင်ငံထဲတွင် ကားထုတ်လုပ်မှုများ ပြန်လည် စတင်ခွင့်နှင့် အရောင်းပြခန်း ဖွင့်လှစ် ရောင်းချနိုင်ရေး အတွက် ဆူဇူကီး(မြန်မာ) မော်တော် ကုမ္ပဏီလိမိတက်ကို လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည် ဟု ဂျပန် မော်တော်ကား ကုမ္ပဏီကြီး ဖြစ်သည့် ဆူဇူကီး၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်း ထို လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဆူဇူကီး ကုမ္ပဏီက ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

“ရန်ကုန်မှာ ရှိပြီးသားဖြစ်တဲ့ စက်ရုံတရုံမှာ ထရပ်ကား (compact truck Carry) တွေကို ထုတ်လုပ်ဖို့ ဆူဇူကီး (မြန်မာ) မော်တော် ကုမ္ပဏီ လိမိတက် ကနေ စီစဉ်ထားပါတယ်” ဟု ဆူဇူကီး ကုမ္ပဏီက ၄င်းတို့ ဝက်ဘ်ဆိုဒ်တွင် ဆိုထားသည်။ “စီးပွါးရေး လွတ်လပ်လာမှုနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ အခြေခံ အဆောက်အအုံ တွေကို အားဖြည့် ပေးတဲ့ အနေ နဲ့၊ ကားထုတ်လုပ်မှု နဲ့ ကားရောင်းချတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ချဲ့ထွင် လုပ်ကိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည့် ရန်ကုန်တွင် ကားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၇ သန်း ခန့် ရင်းနှီး မြှုပ်နှံလိမ့်မည်ဟု ဆူဇူကီး ကုမ္ပဏီက ဆိုထားပြီး မေလ ထဲတွင် စတင်ထုတ်လုပ်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

“ကနဦးတွင် စက်ရုံအနေဖြင့် ပြည်တွင်း ဈေးကွက်အတွက် လစဉ် Carry မီနီ ထရပ်ကား စီးရေ ၁၀၀ ထုတ်လုပ်မည် ဖြစ်ကာ ပြည်တွင်း အလုပ်သမား ၉၀ ခန့်ဖြင့် လုပ်ငန်းလည် ပတ်လိမ့်မည်” ဟု AFP သတင်းဌာနက ရေးသားဖော်ပြ ထားသည်။

သီလဝါ အထူး စီးပွါးရေးဇုန်တွင် ဆူဇူကီး ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ထက် နောက်မကျဘဲ မော်တော်ကား ထုတ်လုပ်ရေး စက်ရုံ တခု တည်ဆောက်ဖွင့်လှစ် သွားမည် ဆိုသည့်၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလ က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပတ်သတ်၍မူ ထပ်မံ ပြောဆိုသွားခြင်း မရှိပေ။

ဆူဇူကီး ကုမ္ပဏီ၏ ယခု ကြေညာချက်သည်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွါးရေး အဖွဲ့ဖြစ်သည့် Keidanren အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ထိုအဖွဲ့သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် အပြင် အခြား ဝန်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဂျပန် အစိုးရသည် မြန်မာနိုင်ငံက ဂျပန်သို့ ပြန်လည် ဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီ၏ ၆၀ ရာခိုင်နှုန်းခန့် ဖြစ်သော ဒေါ်လာ ၃.၂ ဘီလီယံကို လွန်ခဲ့သည့် အပတ်က လျှော်ပေးခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့