Friday, February 8, 2013

နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိတော့သည့် ရလဒ်သာဖြစ်သင့်

စောဇင်ညီ
ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ်

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအား အစိုးရအဖွဲ့မှ ဖွဲ့စည်းခြင်း၏ ရလဒ်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားများ လုံးဝ မရှိတော့ခြင်းသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “ နိုင်ငံရေးကို ယုံကြည်ချက်နဲ့ လုပ်နေတဲ့သူက နိုင်ငံရေးသမားပေါ့။ မှတ်ပုံတင်တယ် မတင်ဘူး မရှိဘူး။ ဒါက ဥပဒေထဲမှာပဲရှိတယ်။ အဲဒီကော်မတီက နိုင်ငံရေးသမား အားလုံးလွတ်အောင် ဆောင်ရွက်နိုင်ရင် အကျိုးရှိတာပါပဲ ” ဟု မဇ္ဈိမ ကိုပြောသည်။

ထိုသို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရာတွင်လည်း နိုင်ငံရေး ဥပဒေများဖြင့် အရေးယူခံရကာ အကျဉ်းထောင်များ အတွင်းသို့ ရောက်ရှိလာသူတိုင်း နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်သင့်ကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။

အကျဉ်းဦးစီးဌာနနှင့် ပြည်ထဲရေး ၀န်ကြီးဌာနများတွင် စာရင်းကောက်ယူခြင်း နည်းလမ်းသည် နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရန် အလွယ်ကူဆုံးနည်းလမ်း ဖြစ်သည်ဟု ၈၈မျိုးဆက်သစ် ကျောင်းသားများအဖွဲ့မှ ကိုချစ်ကိုလင်းက မဇ္ဈိမကိုပြောသည်။

“ ဒီကော်မတီအနေနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းလုပ်ဆောင်သင့်တယ် ” ဟု ၎င်းက အကြံပြုခဲ့သည်။

ထို့အပြင် နိုင်ငံရေးသမားဟု ပြောဆိုရာတွင် နိုင်ငံရေး အကျဉ်းသား နှစ်မျိုးရှိကြောင်း တော်လှန်ရေး ပြုလုပ်၍ အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် ရောက်နေသူများနှင့် လမ်းပေါ်ထွက်ကာ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သဖြင့် ထောင်ထဲ ရောက်နေသူများ ဖြစ်ကြောင်း ကိုချစ်ကိုလင်းမှ ဆက်လက်ပြောဆိုသည်။

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ခေါင်းဆောင်၍ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတရုံးက ဇန်န၀ါရီလ ၆ ရက်နေ့တွင် ညွှန်ကြားခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရများ လက်ထက်တွင် နိုင်ငံရေး အကျဉ်းသား မရှိကြောင်း ငြင်းဆိုခဲ့ကာ ယခု အစိုးရ လက်ထက်တွင် တရားဝင် နိုင်ငံရေး အကျဉ်းသား ပာုသုံးနှုန်းကာ စိစစ်မှု ပြုလုပ်မည့် ကော်မတီတစ်ရပ်အား ပထမဆုံး ဖွဲ့စည်းခြင်း ဖြစ်သည်။

ယခုလက်ရှိ အကျဉ်ထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား စာရင်းမှာ ၂၀၀ နီးပါရှိကြောင်း အကြောင်းအရာ ၃ မျိုးခွဲ၍ နိုင်ငံရေး အကျဉ်းသား အဖြစ် အရေးယူခံနေရကြောင်း နိုင်ငံရေး အကျဉ်းသားပောာင်းများအဖွဲ့  နိုင်ကျဉ်း ရေးရာ ကော်မတီဝင် ဦးထွန်းကြည်ကပြောသည်။

၎င်းက “ နိုင်ငံရေးသမား နိုင်ငံရေးလုပ်တယ်။ အဲဒီအတွက် နိုင်ငံရေးသမားဆိုပြီး ထောင်ချတယ် အဲဒါတခု။ နိုင်ငံရေးသမား နိုင်ငံရေးလုပ်တယ် အဲဒါကို နိုင်ငံတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ် ဆိုပြီး ထောင်ချတယ် အဲဒါတခု။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး အခြား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သတ်ရင် သတင်းပေးသူ နိုင်ငံရေးသမား ဆိုပြီး မတော် မတရား ထောင်ချတယ် ” ဟုပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့