Thursday, February 7, 2013

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ မြန်မာအမျိုးသမီးအဖွဲ့နဲ့ တွေ့ဆုံ

ကိုသားညွန့်ဦး
06.02.2013

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ မနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိ နေတဲ့ မြန်မာအမျိုးသမီး ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်ကိုင်ဆောင်ရွက်မှုကို လာရောက်လေ့လာတဲ့ မြန်မာအမျိုးသမီး အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာနမှာ ၀န်ကြီး ကယ်ရီနဲ့ တွေ့ဆုံခဲ့တဲ့သတင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အမေရိကန်ပြည်ထောင်စုကို လေ့လာရေးအစီအစဉ်နဲ့ ရောက်ရှိ လာတဲ့ မြန်မာအမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့တုန်းက နိုင်ငံခြားရေး ဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့အတူ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

နိုင်ငံခြားရေးဌာန Twitter လူမှုကွန်ယက် စာမျက်နှာမှာ မစ္စတာ ကယ်ရီက မှတ်ချက်ရေးထားရာမှာ စွမ်းရည်သတ္တိရှိတဲ့ မြန်မာအမျိုးသမီး တွေကို သူ ဒီကနေ့ တွေ့ဆုံခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ခရီးစဉ် ဆက်ပြီး သွားဖို့ရာ ဒီအမျိုးသမီးတွေရဲ့ အသံဟာ အလွန်တရာ အရေးပါတယ်လို့ ဆိုထားပါတယ်။

သူတို့ဟာ Goldman Sachs နဲ့ McCain Institute ရဲ့ အစီအစဉ် အမေရိကန် ပြည်ထောင်စုကို လာရောက် လေ့လာကြသူတွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ မြန်မာအမျိုးသမီးကိုယ်စားလှယ် ၄ ဦး တွေ့ဆုံခဲ့တာကို နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victorial Nuland) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို မှတ် ချက်ပေးပြောခဲ့ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သူတို့နဲ့ စကားပြောခဲ့ပါတယ်။ အလွတ်သဘောတွေ့ဆုံတာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ အထွေအထူး ကျမဘက်က ပြောစရာမရှိပေမဲ့လို့လည်း ဒီအမျိုးသမီးတွေက သိပ်ကို ဒုက္ခရောက်ခဲ့ကြသူတွေပါ။ တချို့ဆိုရင် အကျဉ်းကျခဲ့ကြပါတယ်။ သူတို့ မျှဝေ ပြောပြခဲ့တဲ့ ဖြစ်ရပ်တွေ ကြားရတော့ နိုင်ငံခြားရေးဝန်ကြီးက သိပ်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အခုတော့ သူတို့တွေရဲ့ဘ၀ ပြောင်းလဲပြီး အမေရိကန်ပြည်ထောင်စုကို လာလည်နိုင်တာ၊ မြန်မာနိုင်ငံ ပိုမို သာယာဝပြောပြီး ဒီမိုကရေစီဖော်ဆောင်ရာမှာ ၀ိုင်းဝန်းလုပ်ဆောင်နိုင်ကြတဲ့ အခြေအနေနဲ့ပတ်သက် ပြီးတော့လည်း နိုင်ငံခြားရေးဝန်ကြီးက သိပ်ကို စိတ်လှုပ်ရှားတယ်လို့ ပြောခဲ့ပါတယ်။”

ဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ မဇင်မာအောင်ဟာ အကျဉ်းထောင်တွင်းမှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသူဟောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်း တွေမှာ ဆောင်ရွက်ရင်း ဒီမိုကရေစီရေးနဲ့ အမျိုးသမီးရေးကိစ္စတွေ ကို ဆောင်ရွက်ခဲ့တာကြောင့် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ အမျိုးသမီး ဂုဏ်ထူး ဆောင်ဆု ချီးမြင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

နောက်တဦးဖြစ်တဲ့ မနီလာဦး ကတော့ မြန်မာနိုင်ငံတွင်း IRC အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေး ဒုတိယညွှန်ကြားရေးမှူးဟောင်း ဖြစ်ပါတယ်။ နောက်အဖွဲ့ဝင်တွေဖြစ်တဲ့ မခင်လေးဟာ မြန်မာနိုင်ငံတွင်း အမျိုးသမီးအဖွဲ့အစည်းတခုဖြစ်တဲ့ Triangle Women Suport Group ကို ထူထောင်သူ တဦးဖြစ်သလို၊ မရွှမ်းလဲ့ဆွေရီကလည်း ပဏ္ဍိတ ဖွံ့ဖြိုးရေးအဖွဲ့ကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ လက်ရှိ မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းတွေမှာ တတ်တတ်ကြွကြွ ဦးဆောင် ဦးစီးလုပ်နေကြတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

အခုလို မနေ့တုန်းက နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာအမျိုးသမီးအဖွဲ့ရဲ့ အမေရိကန် လေ့လာရေးခရီးစဉ်နဲ့ပတ်သက်လို့တော့ ဒီအဖွဲ့ခေါင်းဆောင် မဇင်မာအောင် ကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ။ ။ တွေ့ဖို့ရာ မနေ့က ကျမတို့ ကမန်းကတန်း ဖြစ်သွားတာပေါ့။ ပထမကတော့ ကျမတို့ နိုင်ငံခြားရေးဌာနကို သွားပြီးတော့ လည်ပတ်တယ်။ ဒီလွှတ်တော်အမတ်တချို့နဲ့ စကားပြောတယ်။ ပြီးတော့ ကျမတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကကျတော့ Goldman Sachs နဲ့ McCain Institute စီစဉ်တဲ့ Program လေးတခုကို မြန်မာနိုင်ငံက အမျိုးသမီး ၄ ယောက်ပေါ့နော် ကျမ ဦးဆောင်ပြီးတော့ လာခဲ့တယ်။ လာပြီးတော့ အခု ဒီမှာ နိုင်ငံခြားရေးဝန်ကြီးအသစ် အပြောင်းအလဲရှိတဲ့အခါကျ တော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တွေအတွက် ဆက်ပြီးတော့ နီးနီးကပ်ကပ် ကျမတို့တွေ ဆက်ဆံသွားမယ်ဆိုတဲ့အကြောင်း ဒီလောက် Information ပေးပြီးတော့ Official တရားဝင်ပေါ့နော် ဓာတ်ပုံအရိုက်ခံတာ ကျမ တို့အဖွဲ့က ပထမဆုံးလို့ပြောတယ်။ ဒီလောက်ပါပဲ။ ကျမတို့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ စကားပြောဖြစ်တာပါ။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု မဇင်မာအောင်တို့ အမျိုးသမီးအဖွဲ့ ဒီလာတယ်ဆိုတာ အဓိကက ဘယ်လို အစီအစဉ်တွေလဲခင်ဗျ။

ဖြေ။ ။ အဓိက အထူးသဖြင့်ကတော့ Training နဲ့ Exchange သဘောမျိုးပါပဲ။ အမျိုးသမီးနဲ့ စီးပွားရေး ဘယ်လို ဆက်စပ်ပြီးတော့ ကျမတို့ တိုင်းပြည်မှာ လိုအပ်နေတာတွေက ဘာတွေရှိမလဲ။ ဘယ်နေရာတွေမှာ လိုအပ်နေလဲပေါ့နော်။ ကျမတို့ ဒီကနေပြီးတော့ လေ့လာတယ် အမျိုးသမီးအဖွဲ့တွေက။ ထိုနည်းတူစွာပဲ ဒီမှာရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လည်ပတ်နေပုံတွေ၊ ဘယ်လို လုပ်နေကိုင်နေကြလဲ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ကမ္ဘာတလွှားမှာရော သူတို့ ဘယ်လိုတွေ လုပ်နေကြလဲ။ သူတို့အဖွဲ့အစည်းတွေရဲ့ လုပ်နေကိုင်နေတာတွေကို ကျမတို့ လေ့လာ တယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ ရှိသင့်ရှိထိုက်တဲ့ ဟာမျိုးတွေ၊ ဒီမိုကရေစီနိုင်ငံတခုမှာ ရှိသင့်ရှိထိုက်တဲ့ ဟာမျိုးတွေ၊ မီဒီယာ ဒါမျိုးတွေ ကျမတို့ကို အနီးကပ် Internship Training လိုမျိုးပါ။

မေး။ ။ ဒီနေ့လေ နိုင်ငံခြားရေးဌာနမှာရှိတဲ့ အမျိုးသမီးရေးရာ သံအမတ်ကြီးနဲ့လည်း Round Table ဆွေးနွေးပွဲတခုမှာ မဇင်မာအောင် တို့ တက်တယ်လို့ သိရပါတယ်ခင်ဗျ။ အဲ့ဒီဆွေးနွေးပွဲ အကြောင်းလေး ပြောပါဦး။

ဖြေ။ ။ အဲ့ဒါကတော့ Meridian Institute ကနေပြီး လုပ်တာပါ။ အမျိုးသမီးနဲ့ စီးပွားရေး၊ နောက်ပြီးတော့ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခုနက ကျမပြောသလိုပဲ UN က အဖွဲ့အစည်း တချို့ပါမယ်။ ဒီအမေရိကန်နိုင်ငံထဲမှာရှိနေတဲ့ NGO တွေပေါ့နော် အဲ့ဒီက ခေါင်းဆောင်တချို့ပါမယ်။

အဲ့ဒါ Exchange သဘောမျိုးပါ။ ခုနကျမပြောသလိုပါပဲ ကျမတို့ တိုင်းပြည်မှာရော ဒီအမျိုးသမီးတွေ စီးပွားရေးမှာ ဘာတွေ လိုအပ်နေသလဲ။ ဘာကြောင့် ဒီ ဒီမိုကရေစီအသွင်ကူး ပြောင်းလဲရေးနဲ့အတူ စီးပွားရေးဖွံ့ဖြိုးမှုကလည်း ဘာ့ကြောင့် အရေးကြီးတာလဲပေါ့နော်။ အပြန်အလှန် ဘယ်လို အထောက်အကူပြုမလဲပေါ့။

ဒါမှမဟုတ်ရင်လဲ ကျမတို့ဆီမှာ လိုအပ်နေသေးတဲ့ အားနည်းချက်တွေက ဘာလဲ။ ဒါ အပြန်အလှန် အမြင်တွေကို Share လုပ်ကြတဲ့ သဘောပါပဲ။ သူတို့ရဲ့ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ကျမတို့ တိုင်းပြည်မှာ လက်ရှိ ရှိနေတဲ့ အနေအထားတွေနဲ့ပေါ့နော်။ သူတို့ကလည်း အပြန်အလှန် လေ့လာတယ်။ ကျမတို့ကလည်း သူတို့ဆီက အတွေ့အကြုံတွေကို လေ့လာတယ်။

မေး။ ။ အခုက ကျနော်ထင်တယ်။ ဒီအပြောင်းအလဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း မှာ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာတာ Exchange Program နဲ့ပေါ့ ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ မဇင်မာအောင်တို့က

ဖြေ။ ။ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ တိုက်ဆိုင်သွားတာပေါ့နော်။ ဒီနိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲနဲ့ ကျမတို့ ရောက်နေတဲ့အချိန်နဲ့မှာလေ။

မေး။ ။ ဟုတ်ကဲ့ အဲ့တော့ ဒီလိုမျိုး ခရီးစဉ်တွေက အခုဆိုရင် အမျိုးသမီးခေါင်းဆောင်တွေ လာပြီးတော့ လေ့လာခွင့်ရတယ်။ အဲ့တော့ မြန်မာနိုင်ငံအတွက်၊ နောက်တခုက မဇင်မာအောင်တို့ လုပ်နေတဲ့ လုပ်ငန်းတွေအတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။ ။ မျှော်လင့်ပါတယ်။ ကျမတို့ လုပ်နိုင်ရင် လုပ်နိုင်သလောက်ပဲ။ ပြည်တွင်းမှာ အရပ်ဘက် အဖွဲ့အစည်းတွေရှိတယ်ပေါ့။ ကျမတို့ ပိုပြီးတော့ Networking ကောင်းကောင်းနဲ့ အဓိက ကျမတို့က Institutionalize မဖြစ်ဘူး။ အားနည်းတယ်။ ပြောစရာမလိုလောက်အောင် ဘာပဲပြောပြော အားကောင်းတယ်။ စနစ်ကျတယ်ပေါ့နော်။

ကျမတို့ အဲ့ဒီလို လေ့လာပြီးတဲ့အခါကျတော့ ကိုယ့်မှာရှိနေတဲ့ ကျမတို့ဆီ ပြန်သွားရင်၊ ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျမတို့ လုပ်နေကိုင်နေတဲ့ဟာတွေမှာ တကယ့် အဖွဲ့အစည်း ဆန်ဆန်ပေါ့နော် ဘယ်လို ခိုင်မာ အားကောင်းအောင် လုပ်မလဲဆိုတာတွေ ကျမတို့ ပြည့်ပြည့်၀၀ လေ့လာခွင့်ရတယ်။

သူတို့ဆီက နည်းနာတွေကိုလည်း လေ့လာပြီးသားဖြစ်တယ်။ နောက်ပြီးတော့ ပြည်တွင်းမှာတင် မဟုတ်ဘဲနဲ့ Global Partner အနေနဲ့လည်း တက်လှမ်းနိုင်မယ့် အခွင့်အလန်းတွေ ကျမတို့ ရတယ်။

အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေတဲ့ မဇင်မာအောင် ကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်း ခဲ့တာဖြစ်ပါတယ်။


Ref: ဗွီအိုအေ

0 comments:

အပေါ်သို့