Monday, February 4, 2013

နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား

2013-02-03

နေပြည်တော်၊ ဒက္ခိဏသီရိ၊ ဇဗ္မူသီရိနဲ့ ဥတ္တရသီရိမြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း (၃၀) ကျော်ကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။

တရားဝင်ဘုန်းကြီးကျောင်း (၅) ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း (၂၆) ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ သာသနာရေးနဲ့ သံဃာ့နာယက အဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။

အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှား ဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊ ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့ အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၁) ရက် နေ့တုန်းကလည်း သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး ဘုန်းကြီးကျောင်း တစ်ချို့ကို မီးရှို့ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့