Tuesday, February 5, 2013

တမူးတွင် ဖမ်းမိသည့် လက်နက်များသည် မဏိပူရ သူပုန်အဖွဲ့မှ ဖြစ်ဖွယ်ရှိ

နေမျိုး
ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

တမူးမြို့စန္ဒာကူး ၃ရပ်ကွက် အတွင်းရှိ အိမ်တအိမ်မှ လက်နက်နှင့် မူးယစ်ဆေးဝါး အမြောက်အများ တနင်္ဂနွေနေ့က ဖမ်းဆီးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက် စာမျက်နှာတွင်
ဖော်ပြထားသည်။

အစပထမတွင် မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေသော်လည်း လက်နက်များကိုပါ ရှာဖွေ တွေ့ရှိခဲ့ပြီး အဆိုပါ နေအိမ်တွင် နေထိုင်သူ ကိုစိုးမြင့်ဝင်းနှင့် ဇနီးဖြစ်သူ မဖြူဖြူဝင်းတို့အား ရှာဖွေစစ်ဆေးရာ Micro Bus အမျိုးအစား မော်တော်ယာဉ်အတွင်းမှ စက္ကူဂျပ်ဖာများဖြင့် ထုတ်ပိုးထားသည့် ဆူဒို အက်ဖီဒရင်း အာနိသင်ပါ အအေးမိနှာစေးပျောက် ဆေးပြား ကာလတန်ဖိုး (ကျပ်ငွေ) ၁၂၀၉.၆ သိန်း ခန့်အား သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက် စာမျက်နှာက ဆက်လက် ဖော်ပြသည်။

“ အခုဟာကတော့ ဖြစ်နိုင်တာက ကသည်း တွေဟာ ပဲနေမှာ၊ ဒါပေမယ့် ဗမာလင်မယား နှစ်ယောက်ကို ဖမ်းသွား တယ်ပေါ့နော်။ ဖမ်းခံရတဲ့သူက တရားရုံးက ၀န်ထမ်း၊ လက်နက်က ၉၅ လက်တဲ့၊ ဆေးပြားရော၊ဆေးမှုန့်ရော၊ ဂျပ်ဖာရော အိတ်နဲ့ရော ၈ အိပ်၊ မနက် ၆ နာရီလောက် က စဖမ်းတာ။ ညနေ ၄ နာရီလောက်မှာ ပြီးသွားတယ်။ အကုန်လုံး မွေတာပေါ့” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူက ပြောဆိုသည်။

ဖမ်းဆီးရမိသည့် သေတ္တာများအတွင်းမှ ‘စုစုပေါင်း လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆၀ လုံး၊ နင်းမိုင်း ၂၃၊ ကျည်မျိုးစုံ ၇၉၀၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁၊ ယမ်းကြိုးခွေ ၄ ခွေ သိမ်းဆည်းရမိသည်’ ဟု ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ က ရေးသားထား သည်။

“ မနက် ၉ နာရီခွဲလောက်က ပစ္စည်း အထုပ်တွေ ဖြေနေပြီ၊ လမ်းမပေါ်မှာပါပဲ။ အဝေးကနေပဲ ကြည့်တာ၊ အနီးကပ်တော့ မသွားဘူး။ တော်တော်များတယ်” ဟု အဆိုပါရပ်ကွက်သူ တဦးက လည်း မဇ္ဈိမ သို့ ပြောသည်။

အိန္ဒိယနှင့် မြန်မာနယ်စပ်ရှိ တမူးမြို့ စန္ဒာကူး ၃ရပ်ကွက် အတွင်းရှိ အိမ်တအိမ်မှ ဖြစ်ပြီး လက်နက်များ အပ်နှံထားသူမှာ ဗဟိုအစိုးရကို လက်နက်ကိုင် ပုန်ကန်နေသော မဏိပူရ သူပုန် အဖွဲ့မှ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ စာမျက်နှာမှ သိရသည်။

ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (United National Liberation Front) မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘ နှင့် ဗိုလ်အဆင့်ရှိသူ ကိုမြင့်အောင် တို့မှ လက်နက်သေတ္တာ ၁၀လုံးကိုလာရောက် အပ်နှံထားခြင်းဖြစ်
သည် ဟုရဲတပ်ဖွဲ့ စာမျက်နှာတွင်ဖော်ပြသည်။

စန္ဒာကူးရပ်ကွက် ထိုအိမ်မှပင် ၁၉၉၉ ခုနှစ် နိုဝင်ဘာလ က လက်နက်များ၊ ပိုက်ဆံများ၊ ရွှေချောင်းများ အလုံးအရင်းဖြင့် ဖမ်းဆီးရမိခဲ့ဖူးကြောင်း တမူးမြို့ခံ အမျိုးသမီး တဦးကလည်း ထပ်ဖြည့်ပြောသည်။ ၁၉၉၉ ခုနှစ်က အဆိုပါအိမ်တွင် လက်နက်များ၊ ဖမ်းဆီးရစဉ်မိစဉ်က အိမ်ကို ချိပ်ပိတ်ထားသော်လည်း ယခု အမှုဖွင့်အရေးယူခံရသူများ ဘာကြောင့် နေထိုင်၍ ရသည်ကို မရှင်းလင်းပေ။

ထိုအမှုတွင် မူးယစ်ဆေးဝါး အမှုတွင် ပါဝင်ပါတ်သက်သူ ရဲစိုးဝင်း ဆိုသူအား စုံစမ်းရှာဖွေလျှက်ရှိပြီး လက်နက်များ အပ်နှံသွားသူများအဖြစ် ဖော်ပြခံရသူလက်နက်ကိစ္စနှင့် ပါတ်သက်နေသူ ဦးတွန်ဘ နှင့် ဦးအောင်မြင့်တို့အား မည်ကဲ့သို့ ဆောင်ရွက် မည်ကို မသိရှိရပေ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့