Friday, May 17, 2013

လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် တရုတ်မြန်မာ နှစ်နိုင်ငံ အရှိန်မြှင့်ဆောင်ရွက်

Rosie Gogan-Keogh
မေလ ၁၆ ရက် ၂၀၁၃ ခုနှစ်

တရုတ် မြန်မာ နှစ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသတွင် လူကုန်ကူးမှု ကာကွယ်တားဆီးရေးအတွက် ရုံး တခုကို ဗုဒ္ဓဟူးနေ့က တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟု နှစ်နိုင်ငံစလုံးက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့် ဒေသ တို့အကြား နမ့်ဆန်-လောက်ကိုင် ဒေသတွင် ထိုရုံးအား ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ရုံးများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှိ ရွှေလီနှင့် Longchuan တို့တွင် ၂၀၀၇ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် လူကုန်ကူးမှု နှင့် ကျွန်သဖွယ် မတရား ခိုင်းစေမှု ကိစ္စရပ်များအား ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ ရောင်းစားခံရခြင်း ဖြစ်ပြီး၊ လူကုန်ကူးခံရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး အတင်းအဓမ္မ လက်ထပ်ပေးခြင်း သို့မဟုတ် လိင်မှု ဖျော်ဖြေရေး လုပ်ငန်းများတွင် အတင်းအကြပ် ခိုင်းစေခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။

“မြန်မာနိုင်ငံက လာတဲ့ အမျိုးသမီး ၂၅၇ ဦးနဲ့ ကလေး ၄၂ ဦးကို ၂၀၀၉ ခုနှစ် ဧပြီလက ယူနန်ပြည်နယ်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံရဲ့ အထူး စစ်ဆင်ရေး တခုမှာ ကယ်တင်ပေးနိုင် ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံရှိ တရုတ်သံရုံးက၊ ဆက်ဆံရေးရုံး အသစ်ဖွင့်လှစ်ကြောင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက် ထဲတွင် ပါရှိသည်။

၂၀၁၁ ခုနှစ်ထဲတွင် အမျိုးသား ၁၄ ဦး အပါအဝင် လူကုန်ကူး ခံရသူ စုစုပေါင်း ၁၇၇ ယောက် ရှိကြောင်း မြန်မာ အစိုးရ အရာရှိများက အတည်ပြုခဲ့သည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့သော လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ (၂၀၁၂) တွင် ဖော်ပြထားသည်။

လူကုန်ကူးခြင်း ခံရသူများ၏ ၆၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြပြီး ၊ အများအပြားမှာ တရုတ်နိုင်ငံတွင် အတင်းအကြပ် လက်ထပ်ရန် ဖိအားပေးခြင်း ခံရသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့