Wednesday, May 15, 2013

အစိုးရနှင့် KIO မေလ မကုန်မီ တွေ့ဆုံဖွယ်ရှိ၊ လေ့လာသူများကိစ္စ ညှိနှိုင်းနေရဆဲ

ဖနိဒါ
မေလ ၁၄ ရက် ၂၀၁၃ ခုနှစ်

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မေလ နောက်ဆုံးပတ်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် ဝန်ကြီး ဦးအောင်မင်းနှင့် သဘောတူညီမှု ရရှိထားသည်ဟု ငြိမ်းချမ်ရေး အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ဝန်ကြီး ဦးအောင်မင်း က KIO နှင့် အချက် ၁၂ ချက် ညှိနှိုင်းနေရာမှ ယခုလ မကုန်မီ တွေ့ဆုံရန် မူအားဖြင့် သဘောတူညီမှု ထားသည်ဟု ၎င်း၏ အကြံပေးအလုပ် အဖွဲ့များအား တနင်္လာနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီး ဦးအောင်မင်း ရှင်းပြတာက အချက် ၁၂ ချက်ရှိပါတယ်။ နံပါတ် ၁ က မူအားဖြင့် မြစ်ကြီးနားမြို့မှာ ကျင်းပဖို့နဲ့ အကြမ်းအားဖြင့် နောက်ဆုံးအပတ်မှာ တွေ့ဖို့ တဖက်အဖွဲ့အစည်းနဲ့လည်း သဘောတူ တယ်။ အသေးစိတ် အချက်အလက်တွေကို ဝန်ကြီးက သူဆက်လက် ညှိနှိုင်းနေပါတယ်။ သူ့အနေနဲ့ ညှိနှိုင်းလို့ အဆင်ပြေတယ်ဆိုရင် ဒီမေလ နောက်ဆုံး ပတ်မှာ ဖြစ်ပါလိမ့်မယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

ညှိနှိုင်းနေဆဲဖြစ်သည့် အခြား အချက်အလက်ကိုမူ ဝန်ကြီးက ရှင်းပြခြင်း မရှိခဲ့ဟု ၎င်းက ဆိုသည်။

လာမည့် ဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် မည်သည့်နိုင်ငံများအား ဖိတ်ထားသည်ကို မသိရသော်လည်း KIO ဘက်မှ တင်ပြသည့် လေ့လာသူများကိုမူ ကန့်ကွက်မှု မရှိကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

“လေ့လာသူတွေ အပိုင်းကိုတော့ ကျနော်တို့ကို အသေးစိတ်တော့ ဘာမှ ရှင်းပြတာ မရှိဘူး။ ဒါပေမယ့် ကျနော်နားလည် သလောက်တော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့နေရာမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ ဒါကြောင့် တဘက် ယုံကြည်မှု ရဖို့ လေ့လာသူတွေကို ကန့်ကွက်တာ မရှိဘူး။ ဆိုလိုတာက open လုပ်ထားတယ်လို့ ကြားတယ်။ တဖက်အဖွဲ့အစည်းက ဖိတ်တဲ့လူတွေကို ကန့်ကွက်တာ မရှိဘူး” ဟု ပြောသည်။

သို့သော် KIO ဘက်မှ အမေရိကန်၊ ဗြိတိန်၊ တရုတ်နှင့် ကုလသမဂ္ဂ အား လေ့လာသူများအဖြစ် ပါဝင်ရန် ဖိတ်ကြားထား၍ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်မှုကို ကန့်ကွက်ထားသဖြင့် ဆက်လက် ညှိနှိုင်းနေကြသည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင် က ပြောသည်။

“ဒီလကုန်ပိုင်း တွေ့ဖြစ်မယ် ထင်တယ်။ လေ့လာသူကိစ္စကြောင့် ညှိနှိုင်းနေလို့ ရက်ရွှေ့နေရတာ။ လေ့လာသူတွေကို အစိုးရကတော့ သဘောတူတယ်လို့ ပြောတယ်။ ဒါပေမယ့် တရုတ်က US နဲ့ UK ကို ကန့်ကွက်လို့ ညှိနေတယ်” ဟု မဇ္စျိမကို ပြောသည်။

ယခု တကြိမ်တွေ့ဆုံမှုတွင် တပ်နေရာချထားရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲကို မည်သို့ ဆက်လက် ဆောင်ရွက် သွားရန် ဆိုသည့် အချက်များ ထည့်သွင်းဆွေးနွေးမည်ဟု KIO ၏ တင်ပြချက်ကို အစိုးရဘက်မှ လက်ခံ သဘောတူထားသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် KIO တို့ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်တွင်နှစ်ကြိမ်၊ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် နှစ်ကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဖြစ်သည်။ ယခုတကြိမ် တွေ့ဆုံမှုမှာ ၈ ကြိမ်မြောက် ပြန်တွေ့ဆုံခြင်း ကြမည် ဖြစ်သည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ယခုနှစ်အတွင်း နိုင်ငံရေးဆွေးနွေးမှု စတင် ပြုလုပ်လိုကြောင်း ပြောဆိုသဖြင့် ယခု KIO နှင့် ဆွေးနွေးပွဲသည် အရေးကြီးသည်ဟု ဦးလှမောင်ရွှေ က ပြောသည်။

ထို့ပြင် မကြာမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA မှ ကိုယ်စားလှယ်များနှင့် ဝန်ကြီး ဦးအောင်မင်းတို့ မြန်မာ
ငြိမ်းချမ်းရေးစင်တာတွင် တနင်္လာနေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။

RCSS/SSA မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင် ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုင်းလနှင့် ဒုဗိုလ်မှူးကြီး စိုင်းမိန်းတို့ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ သွားရောက်
မေးမြန်းခြင်းနှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်သည်ဟု လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်မိန်း က ပြောသည်။

“ကျနော်တို့ ထပ်မံတွေ့ဆုံဖို့ ကျိုတင် ညှိနှိုင်းဖို့အတွက် လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ပြန်ပြီး သူတို့ကို အသိပေးတာရော၊ လိုအပ်တဲ့ မေးခွန်းတွေ သွားမေးဖို့ပါ။ ကျနော်တို့ဘက်က တရားဝင် သွားဆွေးနွေးတာ မဟုတ်ဘူး” ဟု မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးသိန်းဇော် ပါဝင်သော ကိုယ်စားလှယ်များကလည်း ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါ် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့