Friday, May 17, 2013

ကော့မှူးတွင် ရွေ့လျားစာကြည့်တိုက်များ ထားရန် ပြန်/ဆက်နှင့် ပူးပေါင်း၍ ဒေါ်စု စီစဉ်နေ

မင်းမင်း
မေလ ၁၇ ရက် ၂၀၁၃ ခုနှစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးကော်မတီနှင့် ပူးပေါင်းကာ
ရွေ့လျား စာကြည့်တိုက်များ (Mobile Libraries) ထားရှိပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မေလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်သို့ သွားရောက်စဉ် ထိုကိစ္စနှင့်ပတ်သက်၍ မြို့နယ်ပြန်/ဆက်ရုံးမှ ဝန်ထမ်းများနှင့် ဆွေးနွေးခဲ့ကြောင်း ပြန်/ဆက် ဦးစီးမှူး ဒေါ်မြင့်မြင့်ရွှေ က ပြောသည်။

“ဒေါ်ခင်ကြည် ဖောင်ဒေးရှင်နဲ့ ပူးပေါင်းပြီးတော့ ရွှေ့လျား စာကြည့်တိုက်လုပ်ငန်း လုပ်ဖို့အတွက် လာပြီးတော့ ညှိနှိုင်းတာပါ။ သူလုပ်မယ့် လုပ်ငန်းနဲ့ လုပ်ကွက်ကို လာကြည့်တာ။ အဓိက လုပ်မှာ ကတော့ ရွေ့လျား စာကြည့်တိုက်ဆိုပြီးတော့ mobile library ကားနှစ်စီးကို ဒီမှာ ထားမယ်။ ကျေးရွာတွေကို နယ်လှည့်မယ်” ဟု မဇ္ဈိမကို ပြောသည်။

ညှိနှိုင်းမှုတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကားနှစ်စီးနှင့် စာအုပ်များကို ပြန်/ဆက် ဝန်ထမ်းများက တပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့အထိ ကျေးရွာများသို့ လိုက်လံငှားရမ်းရန် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ စုဆောင်းထားတဲ့ စာအုပ် တသောင်းခွဲလောက်ကို ဒီမှာ store (ထားရှိ)လုပ်ပြီးတော့ အဲဒီ တသောင်းခွဲလောက်နဲ့ စပြီးတော့ လည်ပတ်မှာပေါ့နော်။ စာအုပ် အမျိုးအစားကတော့ ကလေးသူငယ် စာပေတို့၊ နောက်ပြီးတော့ ကျေးရွာလူထုနဲ့ သက်ဆိုင်တဲ့ စာအုပ် စာစောင်တွေလို့ ပြောတယ်” ဟု ဒေါ်မြင့်မြင့်ရွှေ က ပြောသည်။

သို့သော် စတင်လုပ်ဆောင်မည့်နေ့ရက်ကို ပြောဆိုသွားခြင်းမရှိပေ။

“Mobile Library ဆိုတာ ကားပေါ်မှာ စာအုပ်တွေ တင်ပြီးတော့ တရွာဝင် တရွာထွက် စာအုပ်တွေ လိုက်ငှားတဲ့စနစ်ပေါ့။ အဲဒါ အစပျိုးဖို့အတွက် ပြန်ဆက်ကို ဝင်တာ။ ပြန်ဆက်မှာ ကားထားမယ်။ ပြန်ဆက်နဲ့ ပူးပေါင်းမယ်” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ဆိုသည်။

ယခု ကော့မှူးမြို့နယ် စာကြည့်တိုက်ကိုလည်း စံပြစာကြည့်တိုက်အဖြစ် လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

လက်ရှိတွင် ကော့မှူးမြို့နယ်အတွင်း လူဦးရေ ၁၂၇,၄၀၂ ဦးဖြင့် ကျေးရွာအုပ်စုပေါင်း ၅၅ ခုရှိကာ ကျေးရွာစာကြည့်တိုက် ၂၈ ခုသာ ရှိသေးသည့် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး မြို့နယ်တခု ဖြစ်သည်။

မိခင် ဒေါ်ခင်ကြည်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ထူထောင်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့