Wednesday, May 15, 2013

မဟာဆန် ဆိုင်ကလုန်း လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိ

မင်းမင်း
မေလ ၁၄ ရက် ၂၀၁၃ ခုနှစ်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာဆန်သည် လိမ္မော်ရောင် အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဦးတည်ရွှေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၄ ရက် ည ၇ နာရီက သတိပေးချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ မုန်တိုင်းသည် မေလ ၁၆ ရက် ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေများသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအနေအထားတွင် အဆိုပါမုန်တိုင်းသည် စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၅၁၀ ခန့်၊ ပုသိမ်မြို့ ၏ အနောက်တောင်ဘက် မိုင် ၅၂၀ ခန့် ၊ ကျောက်ဖြူမြို့၏အနောက်တောင်ဘက် မိုင် ၅၂၀ ခန့် ၊ အိန္ဒိယနိုင်ငံ (ဗီဇာကာပတ္တနမ်မြို့) ၏ အရှေ့တောင်ဘက် မိုင် ၂၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း ည ၆ နာရီခွဲ တိုင်းထွာချက်အရ ထုတ်ပြန် ထားသည်။

မုန်တိုင်း၏ ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်ကြောင်းလည်း ဖော်ပြထား သည်။

ထိုမုန်တိုင်း တိုက်ခတ်ပါက ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်တလျှောက်တွင် မုန်တိုင်း ဒီရေလှိုင်းဒဏ်များ လွမ်းမိုးမှု ဖြစ်ပေါ်နိုင်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း က ဦးစီးဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ပြင် တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များကိုလည်း အသင့်ပြင်ဆင်ထားကြေင်း မေလ ၁၄ ရက် နံနက်က ပြုလုပ်သည့် အစည်းအဝေးတွင် သမ္မတက ပြောဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့