Monday, May 13, 2013

အနည်းဆုံး လုပ်ခလစာ ဥပဒေအား ဇွန်လဆန်းတွင် အမြန်ထွက်ရန် ဆောင်ရွက်နေ

မေဦး
မေလ ၁၁ ရက် ၂၀၁၃ ခုနှစ်

အနည်းဆုံး လုပ်ခလစာ ဥပဒေအား လာမည့် ဇွန်လဆန်းတွင် အမြန်ဆုံး ထွက်ပေါ်လာရန် ဆောင်ရွက်နေကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဌဦးမြတ်သင်းအောင် ကပြောသည်။

၎င်းက“ အနည်းဆုံး လုပ်ခလစာ ဥပဒေကိုဇွန်လဆန်းမှာဖြစ်အောင် လုပ်နေပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လွှတ်တော်မှာ အတည်ပြုဖို့ပါ၊ စက်ရုံတွေကို လဲ မေးခွန်းတွေ မေး တာတွေ လဲ လုပ်နေပါတယ်။”ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အနည်းဆုံး လုပ်ခလစာနှုန်းထား သတ်မှတ်မှုကိုတော့ ကော်မတီများ ဖွဲ့စည်းပြီး ယင်းကော်မတီများမှ စုံစမ်းပြီး သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ လုပ်ခလစာနှုန်းထား များသွားပါကလဲ စက်ရုံများ ပိတ်သိမ်း သွားနိုင်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက် ဆွေးနွေး ညှိနှိုင်းရမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

ဦးမြတ်သင်းအောင်က “လစာက ခြောက်သောင်းနဲ့ တသိန်းကြားတော့ ဖြစ်သင့်တာပေါ့နော်။ တံမြက်စည်း လှည်းတဲ့ သူကအစ အနည်းဆုံးခြောက်သောင်း ပေးရမယ်။ အလုပ်သမားတွေ တောင်းတာကတော့ ကိုးသောင်းပေါ့။ အစိုးရကတော့ ပိုပေးချင်တယ်။ လွှတ်တော်က ဆုံးဖြတ်သွားမှာပါ” ဟုဆိုသည်။

အဆိုပါ အနည်းဆုံး လုပ်ခလစာဥပဒေ မထွက်ပေါ်မီ ကာလအတွင်းမှာလဲ အလုပ်သမားများအတွက် ယာယီအားဖြင့် ဖြေရှင်းရန် နည်းလမ်းတစ်ရပ်ကိုလဲ ရှာကြံထားသင့်ကြောင်း နှင့် ၊ယခုနှစ် ဧပြီလဆန်း တွင် ဘဏ္ဍာအခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ၀န်ကြီးဌာနအောက်ရှိ နေ့စားဝန်ထမ်း များအား ပေးသည့် တစ်နေ့ ၂၇၀၀ နှုန်းထက် လျော့နည်း၍ ပေးရန်မသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ
ရှေ့နေဦးဌေး ကပြောသည်။

“လက်ရှိလုပ်ခလစာက နည်းနေတယ်။ ဥပဒေက မသက်ရောက် သေးတဲ့အခါကျတော့ အလုပ်ရှင်တွေက လုပ်ခလစာတိုးပေးဖို့ကို အကြောင်းပြချက်တစ်ရပ် အနေနဲ့ ငြင်းဆိုနေကြတာပေါ့၊ အလုပ်သမား
တွေရဲ့ဆန္ဒကတော့ အနည်းဆုံးလုပ်ခလစာကို ၃၀၀၀ ရရှိရေးအတွက် တောင်းဆို ထားပါတယ်၊အလုပ်ရှင် တွေက လုပ်ခလစာကို OT ပေးရမှာဖြစ်တဲ့အတွက် အမြဲလျော့ပြထားပါတယ်။” ဟုဦးဌေးက ဖြည့်စွက်
ပြောကြားသည်။

လက်ရှိတွင် စက်ရုံအလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်ခလစာမှာအများဆုံး ၁၄၀၀ကျပ် ခန့်သာရရှိကြောင်း၊ တစ်ချို့အလုပ်သမားများမှာ တစ်နေ့ ၅၅၀ကျပ် သာရှိကြောင်း လှိုင်သာယာ စက်မှုဇုန်၂ရှိ ဟုတ်ချိန် ပီနံအိတ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မချိုသက်မွန်ကပြောသည်။

ထိုသို့ လုပ်ခလစာ နည်းပါးနေခြင်းကြောင့် မေလ၁၁ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်၂ရှိ ဟုတ်ချိန် ပီနံအိတ် စက်ရုံအလုပ်သမား ၈၀ကျော် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့