Friday, April 27, 2012

ဇုန်ထုတ် လိုက်ထရပ်ကားများထက် ဂျပန်လိုက်ထရပ်ကားများ ပိုရောင်းနေရ

ရှုမ၀အောင်(မြစ်မခ)
26 Apr, 2012

စက်မှုဇုန်ထုတ် လိုက်ထရပ်ကားများထက် ဂျပန်နိုင်ငံမှတင်သွင်းသောလိုက်ထရပ်ကားများမှာ လူကြိုက်များပြီး အရောင်း သွက်လျက်ရှိကြောင်းဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ သိရှိရသည်။

“လိုက်ထရပ်ကားတွေက အ၀ယ်လိုက်တယ်၊ လိုက်ထရပ်ကားတွေမှာလည်း ဂျပန်က ၀င်တဲ့ ကားတွေက ပိုရောင်းရတယ်။ ဇုန်ထုတ်ကတော့ လူသိပ် မကြိုက် ဘူး။ ဂျပန်ကားကအကြမ်းခံတော့ နယ်က လူတွေလာဝယ်တယ်။ လုပ်ငန်းသုံးတွေ လာဝယ်တာများတယ်။” ဟုဟံသာဝတီကားရောင်းဝယ်ရေး စခန်းရှိ ၀ါရင့်ပွဲစား တစ်ဦးဖြစ်သူ ဦးကျော်ကပြောသည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ နောက်ဆုံးဝင်ရောက်လာသည့် ၂၀၀၇ခုနှစ် မော်ဒန်ကားများမှာ ပြည်တွင်းဖြစ် စက်မှုဇုန်ထုတ် လိုက်ထရပ်ကားများထက်ပိုမို အကြမ်း ခံကြောင်း ကားအကျိုးဆောင်များထံက စုံစမ်းသိရှိရသည်။

“ဒီကိုတော့ ကားဝင်တာ ၂၀၀၇ မော်ဒန်က နောက်ဆုံးပဲ။ ကားအသစ်ထပ်မ၀င်တော့ဘူး။လိုက်ထရပ်က နေ့တိုင်းနီးပါး အရောင်းအ၀ယ်ဖြစ်တယ်။ ၀ိုင်းထဲမှာတော့ ဂျပန်ကားလာဝယ်တာများတယ်။” ဟု ကားပွဲစားတစ်ဦးဖြစ်သူ ကိုမောင်စိုးက ပြောသည်။

လိုက်ထရပ်ဂျပန်ကား RTA ဆောင်ပြီးသား ၂၀၀၀ မော်ဒန်သိန်းနှစ်ရာသုံးဆယ်ဝန်းကျင်ရှိကြောင်း ၂၀၀၇ မော်ဒန်သိန်းတစ်ရာ့ကိုးဆယ် ၀န်းကျင်ခန့် ရှိကြောင်း စက်မှုဇုန်ထုတ်လိုက်ထရပ်ကားများမှာ တစ်ရာလေးဆယ့် ငါးသိန်း ၀န်းကျင်ခန့် ရှိကြောင်းသိရှိရသည်။

“ကျတော်က ဧရာဝတီတိုင်းက ကားလာဝယ်တာပါ။ ဇုန်ကားနဲ့ ဂျပန်ကားဈေးကွာတယ် ဆိုပေမယ့် ဂျပန်ကား အကြမ်းခံတော့ ဂျပန်ကားပဲဝယ် တယ် လေ။”ဟု ကားလာရောက်ဝယ်သူကိုကျော်လှိုင်က ပြောသည်။

ဂျပန်ကားအဝယ်များနေခြင်းသည် စက်မှုဇုန်ကားများထက် အကြမ်းခံခြင်းနှင့် လုပ်ငန်းသုံးရန် အဆင်ပြေသည့် အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း ၀ယ်ယူ သူများထံကသိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့