မေသင်္ကြန်ဟိန်(မြစ်မခ)
27 Apr, 2012
မြန်မာစာနယ်ဇင်းကောင်စီကိစ္စနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့အလုပ်ရုံဆွေးနွေးပွဲကို မနေ့က ကျမ တက်ရောက်ခဲ့ပါတယ်။
ရန်ကုန် CHATRIUM ဟိုတယ်မှာဧပြီလ ၂၅ ရက်နေ့က မနက် ၉နာရီကနေ ညနေ ၅နာရီထိ ပြုလုပ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ IMS (international Media Support)တို့ပူးပေါင်းပြီးWorkshop on Print Regulation ခေါင်းစဉ် ပြုလုပ်ကျင်းပပါတယ်။
အဓိက တင်ပြဆွေးနွေးခြင်းကိုတော့ Center for law and Democracy အဖွဲ့ရဲ့ Executive Director Mr. Toby Mendel က ဆွေးနွေးတင်ပြခြင်းကို ပြုလုပ်ပါတယ်။
Mr. Toby Mendel ရဲ့အမည်ကို ကြားဖူးသလိုလိုဖြစ်နေတဲ့အတွက် လေ့လာကြည့်ရာမှာ Article 19 အဖွဲ့ထဲမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသော အင်ဒိုနီးရှား မီဒီယာLaw နဲ့ အရှေ့တီမော မီဒီယာ Law ရေးဆွဲရာမှာ နာမည်ကြီးခဲ့သူ တဦးလို့ သိရပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဝန်ကြီးဋ္ဌာနက ဦးရဲထွဋ်က Key International Standards and Main Issues for Myanmar အကြောင်းကို စတင်ရှင်းလင်းပါတယ်။
ဦးရဲထွဋ်က မီဒီယာဥပဒေကိုလည်း အင်ဒိုနီးရှားနိုင်ငံက ပုံစံကို အခြေခံပြီး ရေးဆွဲထားကြောင်း ပြောဆိုပါတယ်။
မီဒီယာဥပဒေထဲမှာလည်း ပုံနှိပ်မီဒီယာတွေကို မှတ်ပုံတင်ခြင်းကိစ္စ၊ သတင်းအေဂျင်စီတွေနဲ့ အွန်လိုင်းမီဒီယာကိုလည်း မှတ်ပုံတင်ခြင်းကိစ္စရပ်တွေနဲ့ ပတ် သက်ပြီး ပြောခဲ့ပါတယ်။
ကျမတို့ တိုင်းပြည်မှာ မီဒီယာအားကောင်းလာဖို့လိုအပ်လှပါတယ်။ အထူးသဖြင့် ပြည်သူ့မျက်နှာကိုသာ ကြည့်သော လွတ်လပ်ပြီး အမှီအခိုကင်းသော မီဒီယာတွေ အားကောင်းစေချင်တာပါ။ဒါမှသာ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်း အားကောင်းလာနိုင်တယ်လို့ ကျမ ဒီလို ခပ်ရိုးရိုးပဲ တွေးမိပါတယ်။
ဦးရဲထွဋ်ရှင်းလင်းပြောဆိုပြီးတဲ့နောက်မှာ Mr. Toby Mendelကလည်း Key International Standards and Main Issues for Myanmar အကြောင်းကို ရှင်းလင်းဆွေးနွေးပါတယ်။
သူက press law နဲ့ ပတ်သက်ပြီး နိုင်ငံတကာ စံနှုန်းနဲ့ Article 19 အကြောင်းကို စတင် ရှင်းလင်းပြောဆိုပါတယ်။ ဥပဒေတိုင်းကို စိတ်ဝင်စားတတ်တဲ့ ကျမအတွက်ကတော့ မီဒီယာ ဥပဒေကို ပိုပြီး စိတ်ဝင်စားမိပါတယ်။
သူက မီဒီယာလောအကြောင်းကို ပြောရင် သရေဖျက်မှုနဲ့ပြစ်ဒဏ်တွေကိုလည်း သေသေချာချာပြောရင်း ရှင်းပါတယ်။ သူပြောတဲ့ထဲက အင်ဒိုနီးရှား နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ၈ျာမဏီနိုင်ငံ၊ အမေရိကန်၊ ယူအေ စတဲ့ နိုင်ငံတွေရဲ့မီဒီယာဥပဒေ နဲ့ press councilတွေကို တိုင်းပြည်က အခြေခံ ဥပဒေတွေအကြောင်းကိုတွဲပြီး ပြောသွားတာတွေ သိပ်ကောင်းပါတယ်။
Mr. Toby Mendelက စကားပြော မြန်ပြီး အသံကလုံးတဲ့အတွက် သူပြောဆိုရှင်းလင်းတာတွေကို ကျမအနေနဲ့တော့ မနည်းလိုက်ပြီး နားထောင်ရပါ တယ်။ ဘာသာပြန်သူလည်း မရှိတဲ့အတွက် အသေးစိတ်နားလည်အောင် ကျမ တော်တော်ကြိုးစားရပါတယ်။
လက်ဖက်ရည်သောက်ချိန်နားကြတော့ တက်လာတဲ့ မီဒီယာသမားတွေနဲ့စကားပြောဖြစ်ပါတယ်။ တော်တော်များများလည်း စိတ်ဝင်စားကြတာ တွေ့ရ့ပါ တယ်။တက်လာတဲ့သူကလည်း လူ ၃၀ ၀န်းကျင်လောက်ပဲ ရှိပါတယ်။ ဂျာနယ်တိုင်းကိုတော့ ဖိတ်ကြားထားတာတွေ့ရ့ပါတယ်။ ဖိတ်ကြားထားတဲ့သူတိုင်း တက်မလာကြတာကိုလည်း တွေ့ရပါတယ်။
ဘာကြောင့်မလာကြတာလဲ လို့ မေးကြည့်တော့လည်း အကြောင်းအမျိုးမျိုးရှိကြတာ တွေ့ရပါတယ်။ မယုံကြည်လို့ ဆိုတဲ့ အပိုင်းလည်း တွေ့ရပါတယ်။
`ဖိတ်တော့လည်း မလာဘူးဗျာ၊ ဆွေးနွေးတော့လည်း ၀င်မပါဘူး။ ပြီးရင် မသိဘူး၊ သူတို့သဘောနဲ့ သူတို့စိတ်တိုင်းကျ လုပ်ကြတာဆိုတဲ့ အသံမျိုး ထွက်လာဦးမှာ ခုဖိတ်ပေမဲ့ လာမှ မလာကြတာ`လို့ ဒီပွဲဖြစ်မြောက်ရေးကို ဆောင်ရွက်ပေးတဲ့ သတင်းမီဒီယာသမားတဦးက ပြောပါတယ်။
လက်ဖက်ရည်ချိန်ကနေ ပြန်စတော့ Key Issue 1 အနေနဲ့ What Model ဆိုတဲ့ ခေါင်းစဉ်နဲ့ စပြီး မစ္စတာတိုဘီက ဆွေးနွေးပါတယ်။ Self- Regulation, Co-regulation and Statutory Regulation အကြောင်းကို ဆွေးနွေးတော့ ဆရာမောင်ဝံသ၊ ဆရာဦးကိုကိုတို့နဲ့ အခြားသတင်းမီဒီယာသမား တွေက လည်း ၀င်ဆွေးနွေးကြပါတယ်။
အစောပိုင်းတုန်းကထက် ပိုပြီး ဆွေးနွေးလို့ကောင်းလာတာတွေ့ရပါတယ်။ အာသွန်ခွန်စိုက် အာရုံစိုက်ပြီး နားထောင်ရင်း ကျမစိတ်ထဲမှာ အင်္ဂလိပ်စာ၊စကား နဲ့ ပတ်သက်ပြီး လေ့ကျင့်မှုနည်း၊ အချိန်မပေးနိုင်ခဲ့တဲ့အတွက် နောင်တရမိပါတယ်။
ကျမအနေနဲ့ မစ္စတာတိုလီ ပြောတာကို နားလည်ပေမဲ့ မေးခွန်းချက်ခြင်းထုတ်နိုင်ဖို့နဲ့ ချက်ခြင်း တုန့်ပြန်နိုင်ဖို့မှာတော့ စဉ်းစားရပါတယ်။ ချက်ခြင်းတုန့်ပြန် မပြောဆိုနိုင်ပါဘူး။ ခုအလုပ်ရုံဆွေးနွေးပွဲမှာလည်း ကျမ မေးချင်တဲ့ မေးခွန်းတော်တော်များများရှိတယ်။ ဒါပေမဲ့ အဲဒီထဲက အချို့ကိုပဲ မေးနိုင်လိုက်ပါတယ်။ မေးခွန်း ၄ ခုမေးခဲ့ပေမဲ့ ကျမ တကယ်မေးဖို့ ရည်ရွယ်ခဲ့တာ ၉ ခု ပါ။
ဆွေးနွေးဖြစ်တဲ့ ထဲက မှတ်မှတ်ရရ ကျမ မှတ်မိနေတာက press council ထဲကအဖွဲ့ဝင်တွေက ဘယ်က လူတွေဖြစ်မလဲ။ဘယ်လို အသိုင်းအ၀ိုင်းမျိုး ကဖြစ်လာမလဲ၊ ဘယ်လို ရွေးချယ်ကြမလဲ ဆိုတဲ့ အပိုင်းတွေကစိတ်ဝင်စွာ မှတ်မိနေပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ စာနယ်ဇင်းပိုင်းက ၄၀%၊ အခြား ဥပဒေပညာရှင်တွေ၊ ပါမောက္ခတွေ စတာတွေက ၆၀% လို့ သူကပြောပါတယ်။ ဒီကြားထဲ သမ္မတကနေ ရွေးချယ်ပေးတဲ့သူတွေလည်း ပါကြောင်း ပြောပါတယ်။
အဖွဲ့ဝင်တွေမှာဘယ်လို အရည်အသွေးတွေ ရှိရမလဲ၊ စံချိန်စံနှုန်းကို ဘယ်လို သတ်မှတ်ထားသလဲ ဆိုတာကိုလည်း သတင်းသမားတဦးက မေးလို့သူက ကျင့်ဝတ်ရှိတဲ့သူ သိက္ခာရှိတဲ့သူတွေကို သတ်မှတ်ထားတဲ့စံတွေက တနိုင်ငံနဲ့တနိုင်ငံမတူတဲ့အကြောင်းကို အဖွဲ့ဝင်တွေကိုေ၇ွးချယ်ရာမှာတော့ လွတ် လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ သူက ဖြေရင်းဖြေရင်း ရှင်းလင်းပါတယ်။
တက်ရောက်လာကြတဲ့ သတင်းမီဒီယာက လူတွေကလည်း မေးခွန်းတွေ မေးပြီး ဆွေးနွေးကြပါတယ်။ Mr. Toby Mendel က မီဒီယာဥပဒေတွေ နဲ့ပတ် သက်ပြီး ကျွမ်းကျင်သူတဦး၊ လူတော်တယောက် ဆိုတာကိုလည်း သဘောပေါက်နားလည်လာရပါတယ်။
သူက မြန်မာစာနယ်ဇင်းကောင်စီမှာ ပြန်ကြားရေးလို ၀န်ကြီးဋ္ဌာနမျိုး ပါဝင်ပတ်သက်မှု မရှိသင့်ကြောင်းလည်း ထောက်ပြပါတယ်။
ဦးရဲထွဋ်ကလည်း ပြန်ကြားရေးဝန်ကြီးဋ္ဌာနတင်မဟုတ်ပါဘူး၊ ဘယ်ဝန်ကြီးဋ္ဌာနမှ မပါဝင်ရဘူး အရပ်ဖက် အဖွဲ့အစည်းတွေက လူတွေကို ရွေးချယ်ကြရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဦးရဲထွဋ်ကတော့ `လွတ်လပ်တဲ့ Press Council ကို ဖွဲ့စည်းနိုင်ဖို့အတွက် မီဒီယာဥပဒေထဲမှာ တစ်ခန်းထည့်ထားတယ်၊ အဲဒီကောင်စီမှာ အစိုးရက မပါဘဲ သတင်းစာဆရာ၊ စာရေးဆရာ၊ ထုတ်ဝေသူနဲ့ Civil Society ကို ကိုယ်စားပြုသူများ ပါနိုင်ဖို့ရည်ရွယ်ထားတယ်ဆိုရင် ကျွန်တော်ဆိုလိုတဲ့အဓိပ္ပါယ် ကို ရောက် မယ်ထင်ပါတယ်`လို့ ဖြေဆိုခဲ့တယ်။
ဒါ့အပြင် ကျမက `စာနယ်ဇင်းကောင်းစီ အဖွဲ့ဝင်ထဲမှာ ဆရာတို့ ပြန်ကြားရေးက ၀န်ထမ်းတွေ ပါဝင်မှု ရှိလာမှာပါလား ဆရာ၊ ဘယ်သူတွေ ပါဝင်ပါမလဲ ဆိုတဲ့ ကျမရဲ့ အမေးကို ပြန်ကြားရေးက ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ခုလို ဖြေဆိုခဲ့ပါတယ်။
စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ထဲမှာပြန်ကြားရေးဝန်ကြီးဋ္ဌာနက သော်လည်းကောင်း၊အခြား ၀န်ကြီးဋ္ဌာနက သော်လည်းကောင်း အစိုးရ၀န်ထမ်း တဦးဦးမှ လုံးဝ ပါဝင်ခွင့်မရှိပါဘူး၊ စာနယ်ဇင်းလောကက ဖြစ်မယ်၊ ပုံနှိပ်ထုတ်ဝေသူတွေ ဖြစ်မယ်၊ ပြီးရင် အရပ်ဘက်လူ့အဖွဲ့အစည်းက ထင်ရှားကျော်ကြားသော ဂုဏ်သိ က္ခာ ရှိသောပုဂ္ဂိုလ်တွေ ဖြစ်ပါမယ်`လို့ ဆိုပါတယ်။
နေ့လည်စာ စားပြီးချိန်မှာတော့ မစ္စတာ တိုဘီက Press Council ရဲ့ တာဝန်ယူမှု အပိုင်းတွေကို ဆွေးနွေးပါတယ်။
Press Council အနေနဲ့ အဓိက တာဝန်ယူရမှာကတော့ စာနယ်ဇင်းသမားတွေရဲ့အပိုင်းကဏ္ဍတွေ ဖြစ်ကြောင်း၊ စာပေလွတ်လပ်ခွင့်အတွက်၊ စာနယ်ဇင်း သမားတွေရဲ့အရည်အသွေးမြှင့်တင်ခြင်း အပိုင်းကဏ္ဍ၊ ပဍိပက္ခ တွေနဲ့ပြဿနာတွေမှာ ကြားဝင်စေ့စပ်ပေးခြင်း၊ဘက်မလိုက်ဘဲမျှတသော မီဒီယာသမား များအဖြစ်ပျိုးထောင်သင်ကြားပေးရေးတို့ကိုလည်း ဆောင်ရွက်ဖို့လိုကြောင်း သူက ဆွေးနွေးပါတယ်။
အဲဒီနောက်မှာတော့ Key Issue 3 အနေနဲ့ Ethical Standards and Enforcement including the right of reply ကို ဆက်ဆွေးနွေးပါတယ်။
ဒီအပိုင်းမှာ ကျမ မှတ်မှတ်ရရ မှတ်မိနေတာကတော့ press councilဟာ ဘယ်သတင်းစာ၊ ဘယ်ဂျာနယ်ကိုမှ ပိတ်ပစ်လောက်တဲ့ အခွင့်အာဏာမရှိရဘူး ဆိုတာကိုပါပဲ။ ကောင်စီအနေနဲ့ ဆွေးနွေးခြင်း၊ သတိပေးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပါတယ်။
အဲလို ဆွေးနွေးရာမှာသတင်းမီဒီယာလုပ်ငန်းဆောင်ရွက်သူ တဦးက မေးပါတယ်၊ တကယ်လို့များ စာနယ်ဇင်းကောင်စီက ကြားဝင်စေ့စပ်မှုကို တဖက်က လက်မခံရင်၊ ဒါမှမဟုတ် မီဒီယာဘက်က လိုက်မခံရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတဲ့ မေးခွန်းကို မေးပါတယ်။
ပြီးတော့သူက ကျမတို့ တိုင်းပြည်မှာ သံဃာ တွေမှာလည်း သံဃာ့နာယကအဖွဲ့ရှိပေမဲ့ သံဃာ့နာယကအဖွဲ့က မဆုံးဖြတ်နိုင်တာတွေကို တရားရုံးကနေ ဆုံးဖြတ်ရတဲ့ ကိစ္စမျိုးတွေ ရှိတဲ့အတွက်မေးရခြင်းဖြစ်ကြောင်း ပြောဆိုဆွေးနွေးပါတယ်။
အဲဒီလို ကိစ္စတွေမှာတော့မစ္စတာတိုဘီက ပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေပေးဆောင်းစေခြင်းကို ဆောင်ရွက်ကြကြောင်း နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ ပုံစံတွေကို ပြောပါတယ်။
အင်္ဂလန်၊ အမေရိကန်၊ ဂျာမဏီစတဲ့ နိုင်ငံတွေက ဥပမာတွေနဲ့ ရှင်းပြပါတယ်။ နောက် သတိထားရမဲ့ အသရေဖျက်မှု ကိစ္စတွေကိုလည်း ရှင်းလင်းပြော ဆိုပါတယ်။
သဘောတရားအရတော့ စာနယ်ဇင်းကောင်စီက မဆောင်ရွက်နိုင်သော ကိစ္စရပ်တွေကို တရားရေးသို့မဟုတ်၊ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနကနေ တာဝန်ယူဆောင်ရွက်တယ်လို့ နားလည်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ Key Issue 4 အနေနဲ့ other issues, Acceditation, Registration and Diversity ကို ဆက်ဆွေးနွေးကြပါတယ်။
ပုံနှိပ်မီဒီယာ၊ သတင်းအေဂျင်စီတွေအနေနဲ့ မှတ်ပုံတင်ရုံနဲ့ လုံလောက်ကြောင်း ၊ လိုင်စင် မလိုအပ်ကြောင်းကို ဆွေးနွေးခဲ့တာကို ကျမ မှတ်မိနေခဲ့ပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်တွေအနေနဲ့ အသင်းတွေကနေ ရွေးချယ်နိုင်ကြောင်း ပြောဆိုရာမှာ မစ္စတာ တိုဘီက အသင်းဝင် ၃ဦး ၄ ဦးခန့်ရှိရုံနဲ့လည်း အသင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။
သူ ရှင်းလင်းနေတုန်း ကျမ တွေးကြည့်မိပါတယ်။ သူက မြန်မာပြည်အကြောင်းကို ဘယ်လို လေ့လာသလဲဆိုတာကိုပါ။ သူ့အနေနဲ့ နိုင်ငံတကာက အခြေ အနေနဲ့မြန်မာပြည် မတူညီဘူးဆိုတာကိုတော့သိမှာပါ၊မြန်မာပြည်က အင်ဒိုနီးရှားနဲ့လည်း မတူသော နိုင်ငံတခုပါ။
တခါတလေကျတော့လည်း နိုင်ငံခြားသားတွေကမြန်မာပြည်အကြောင်းကို မြန်မာပြည်သားတွေထက် ပိုသိနေသလိုမျိုး ထင်မှတ်နေတတ်ကြတာကိုလည်း တွေ့ရတော့ကျမ ပြုံးမိပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြီးပြင်းတာမျိုးမဟုတ်ဘဲနဲ့ မြန်မာပြည်အကြောင်းကို မြန်မာပြည်မှာ နေထိုင်သူတွေလောက် ဘယ် သိနိုင်ပါ့မလဲ။ ပြီးတော့ ဒီလောကထဲမှာ လက်တွေ့လုပ်ဆောင်နေတဲ့ သူတွေလောက် သူက သိနိုင်ပါ့မလားဆိုတာကို ကျမတွေးနေမိပါတယ်။
အဲဒီနောက်မှာတော့ဆွေးနွေးပွဲ ပြီးဆုံးလို့ နောက်ဆုံးချိန်ထိ တက်ရောက်ခဲ့သူတွေအားလုံး အမှတ်ရ ဓါတ်ပုံ ရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ရင်း စဉ်းစားမိပါ တယ်။
အရှေ့တောင် အာရှမှာလည်း နောက်ကျကျန်ခဲ့တဲ့ ကျမတို့ တိုင်းပြည်အတွက် သင်ယူစရာတွေ၊ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။ ခုလို အသွင်းကူးပြောင်းစ ကာလမှာ ကျမတို့ အားလုံးဝိုင်းဝန်းပြီး မီဒီယာလွတ်လပ်ခွင့်အတွက် ကြိုးပမ်းကြစေချင်တာပါ။
မီဒီယာလွတ်လပ်ခွင့်ဆိုတာ ပေးမှ ရလိမ့်မယ်လို့ ကျမကတော့ မယူဆပါဘူး၊ လွတ်လပ်သော မီဒီယာသမားတွေ အားကောင်းလာရင် ရလာတာပါပဲလို့ ယူဆထားပြီး လွတ်လပ်မှုအားကောင်းသော မီဒီယာဖြစ်စေချင်တာပါ။ လွတ်လပ်သော အဖွဲ့အစည်းတွေ ပေါ်လာဖို့ ကျမတို့အားလုံး ၀ိုင်းပြီး ကြိုးပမ်း သင့်တယ်လို့လည်း မြင်မိပါတယ်။ လွတ်လပ်သော စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာဖို့လို ပြောကြပါတယ်။ တကယ်ဖြစ်ပေါ်လာဖို့ကိုလည်း ကျမ မျှော်လင့်မိပါတယ်။
ကျမတို့ တိုင်းပြည်ဟာ ခုချိန်ထိ မငြိမ်းချမ်းသေး၊ မညီညွှတ်သေး၊ မအေးချမ်းသေးသော တိုင်းပြည်ပါ။
ကျမတို့လို မီဒီယာလုပ်ငန်း လုပ်ကိုင်နေရသူတွေနဲ့ ပြည်သူလူထုတွေကလည်း ဆင်းရဲလှပါတယ်။ဒီလို တိုင်းပြည်တခုအနေနဲ့ မီဒီယာကို ဖွင့်ပေးလိုက်ချိန် မှာ မီဒီယာအားကောင်းပြီး ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်လာနိုင်မလားလို့ ကျမ အိပ်မက် မက်ခဲ့ပါတယ်။
ဒါပေမဲ့ ထင်သလောက်မလွယ်ကူတာကို တွေ့ရပါတယ်။ ကျမတို့တွေမှာ မယုံကြည်ခြင်း၊ မပူးပေါင်းနိုင်ခြင်းစတဲ့ ခါက်ရိုးကျိုးဒဏ်ရာတွေလည်း ရှိခဲ့ကြ တော့အားလုံးပါဝင်လာဖို့ဆိုတာကလည်း
လက်တွေ့ဖြစ်လာနိုင်ပါ့မလားလို့တောင် သံသယဖြစ်မိပါတယ်။
Ref: မြစ်မခ
Friday, April 27, 2012
ဘယ်လို စာနယ်ဇင်းကောင်စီမျိုးနဲ့ ဥပဒေမျိုးလဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment