Thursday, April 26, 2012

သံလွင်တိုင်း(မ်) ဂျာနယ် မေလဆန်းတွင် ထုတ်မည်

ကွန်းချမ်း
ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ်

မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် စီးပွားဖြစ် ထုတ်ဝေမည့် သံလွင်တိုင်း(မ်) ဂျာနယ်ကို မေလဆန်းတွင် စတင်ဖြန့်ဝေမည် ဖြစ်ရာ ဆောင်းပါးကဏ္ဍကို အား ပြု ထား၍ သတင်းကဏ္ဍ၌ အားနည်းမှု ရှိနေသေး ကြောင်း သိရသည်။

“ကျနော်တို့က ဆောင်းပါးဘက်မှာ အားသန်တယ်။ သတင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ နည်းသေးတယ်” ဟု အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ က ပြောသည်။

အယ်ဒီတာ အဖွဲ့ဝင်တဦး ဖြစ်သည့် နိုင်မင်းမင်းနွယ် ကလည်း “ကျနော်တို့မှာ သတင်းထောက် ခန့်ထားတာ မရှိသေး ဘူး။ နယ်သတင်းတွေ မရနိုင်သေးဘူး။ အလွတ် သတင်းထောက်တွေက အကူအညီ တောင်းနေရတယ်။ ဒီ ပထမအုပ် အတွက် သတင်းနဲ့ ပတ်သက်ပြီး အခက်အခဲ ရှိတယ်” ဟု မဇ္ဈိမကို ပြော သည်။

ဂျာနယ်ကို ဧပြီလ ၂၈ ရက်နေ့တွင် စာပေစိစစ်ရေးဌာနသို့ တင်ပြရမည် ဖြစ်ပြီး မေလ ၇ ရက်နေ့တွင် ဖြန့်ဝေသွားမည် ဖြစ်သည်။

ထိုသို့ တင်/ထုတ် စနစ်ဖြင့် လစဉ် ထုတ်ဝေမည့် သံလွင်တိုင်း (မ်) ဂျာနယ်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများအတွင်း ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ ရပ်ကွက် လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် သတင်း၊ ဆောင်းပါးများ အသားပေး ဖေါ်ပြသွား မည်ဟု ဆိုသည်။

“ပထမအကြိမ် ထုတ်တဲ့ ဂျာနယ်မို့လို့ ၂၈ မျက်နှာနဲ့ တလ တကြိမ်ပဲ ခွင့်ပြုတယ်။ ရေရှည် ထုတ်ရင် စာမျက်နှာ တိုးလည်း တိုးလို့ ရတယ်။ သုံးစောင် ထုတ် ပြီးရင် နှစ်ပါတ် တကြိမ် ထုတ်ဝေခွင့် ပြုမယ်။ နောက်ဆို ကျနော်တို့ အပတ်စဉ် ထုတ်သွားဖို့ စီစဉ်ထားတယ်” ဟု နိုင်မင်းမင်းနွယ် က ပြောသည်။

ဗုဒ္ဓဟူးနေ့ နံနက်တွင် မော်လမြိုင်မြို့ သံလွင်မြစ်ကမ်းနဖူးရှိ ဘိုးဘွားရိပ်သာ ရံပုံငွေ စားသောက်ဆိုင်၌ ဂျာနယ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး စာနယ်ဇင်းသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဇန်နဝါရီလက ရာမညတိုင်း(မ်) အမည်ဖြင့် ထုတ်ဝေခွင့်ရရန် လျှောက်ထားခဲ့သော်လည်း လက်ရှိ မွန်ပြည်နယ် ပြန်/ဆက် မှ ထုတ်ဝေနေသည့် ရာမည သတင်းလွှာ ရှိနှင့်ပြီး ဖြစ်၍ ထုတ်ဝေခွင့် မရဘဲ၊ မွန်ပြည်နယ်၏ အဓိက မြစ်ကြီး ဖြစ်သည့် သံလွင်မြစ်ကို အခြေခံကာ သံလွင်တိုင်း(မ်) အမည်ဖြင့် ပြန်လည် လျှောက်ထားရာမှ မတ်လကုန်တွင် ထုတ်ဝေခွင့် ရခဲ့သည်။

ဂျာနယ်ကို မြန်မာဘာသာတခုတည်းဖြင့် စောင်ရေ သုံးထောင်မှ ငါးထောင်အတွင်း ထုတ်ဝေသွားမည် ဖြစ်ပြီး၊ တစောင် ၅ဝဝ ကျပ်နှုန်းဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ဖြန့်ဝေသွားမည် ဖြစ်သည်။ မွန်ဘာသာဖြင့် ထုတ်ဝေခွင့် ရရန်အတွက်လည်း ဆက်လက်တင်ပြ တောင်းဆို သွား မည်ဟု နိုင်ချမ်းတွဲ့က ပြောသည်။

အယ်ဒီတာချူပ်နှင့် တာဝန်ခံ အယ်ဒီတာတို့မှာ မွန်ပြည်သစ်မှ အနားယူခဲ့ကြသည့် ဗဟိုအတွင်းရေးမှူးနှင့် မွန်ပညာရေး ဌာန ဒု-တာဝန်ခံများ ဖြစ်ကြပြီး ဂျာနယ် ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းနှင့် ပတ်သက်ခြင်း မရှိကြောင်း နိုင်မင်းမင်းနွယ်က ပြောသည်။

ဂျာနယ်ပထမအုပ် ထွက်ပြီး နောက်ပိုင်းတွင် နယ်သတင်းထောက်များကို ခေါ်ယူခြင်း၊ သတင်းပညာ သင်တန်းပေးခြင်း တို့ကို လုပ်ဆောင်သွားမည်ဟု သိရ သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့