Friday, April 27, 2012

ရန်ကုန်တိုင်းက မြေသိမ်းခံ လယ်သမားများ စုပေါင်းအရေးဆို

2012-04-26

ရန်ကုန်တိုင်းဒေသကြီး နယ်မြေ ၄ ခုက လယ်ယာမြေ ဧက စုစုပေါင်း ၃၂၀၀ ကျော် အသိမ်းခံခဲ့ရတဲ့ တောင်သူ လယ်သမားတွေဟာ မနေ့မနက်က မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာန ရုံးရှေ့ကို သွားရောက်စုဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးရတာတွေ အတွက် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာ၊ လှိုင်သာယာမြို့နယ် ပဒန်ကျေးရွာ၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်နဲ့ သင်္ကန်းကျွန်းကြီးက လယ်သမားတွေ စုစုပေါင်း ၆၀ ကျော်က သွားရောက် တောင်းဆိုကြတာ ဖြစ်ပါတယ်။

သိမ်းဆည်းခံ လယ်မြေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီး ဦးဥာဏ်ထွန်းဦးက လယ်ယာမြေကို စိုက်ပျိုးခွင့်ပဲ ပေးထားတာဖြစ်ပြီး အခြားရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်ရင် လယ်ယာမြေ ဖျက်ဆီးမှုနဲ့ အရေးယူမယ်လို့ တရားဝင် ပြောကြားခဲ့ကြောင်း၊ အခုအခါမှာ တောင်သူတွေရဲ့ လယ်ယာမြေတွေ ဖျက်ဆီးခံနေရတာကြောင့် အခုလို လာရောက် တောင်းဆိုရတာပါလို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မတူ ကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က ပြောပါတယ်။

တောင်းဆိုရာမှာ ပါဝင်တဲ့ ရွှေနံသာကျေးရွာက လယ်သူမကြီး ဒေါ်အုံးမြင့်ကတော့ သူတို့လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့ပြီး အခုဆိုရင် စက်ယန္တယားတွေနဲ့ ဖြိုချ ဖျက်ဆီးနေတယ်လို့ ပြောပါတယ်။

ဒီလိုလာရောက် တောင်းဆိုတာကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးက လက်ခံတွေ့ဆုံ ဆွေးနွေးပေမယ့် ဘယ်ဌာနက တာဝန်ယူ ဖြေရှင်း မယ်ဆိုတာ အခုထိ မသိရသေးကြောင်း ဦးနေမျိုးဝေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်မြတ်စိုး ပေးပို့ခဲ့တာပါ။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့